ဘယ်အစွန်လူ ကူကူရယ်လာကို ခေါ်ယူရေး မန်စီးတီး လက်လျော့ဖွယ်ရှိလာ
ဘရိုက်တန် ဘယ်အစွန်လူ ကူကူရယ်လာကို ခေါ်ယူရေး မန်စီးတီးဘက်က ညိနှိုင်းရ ခက်ခဲနေစဉ်မှာပဲ ချယ်ဆီးအသင်းကပါ စပိန်သားကို ခေါ်ယူဖို့ ပြင်ဆင်လာနေပါပြီ။
ဘရိုက်တန်ဘက်က ပေါင် သန်း ၅၀ ဈေးသတ်မှတ်ထားတဲ့ ဘယ်အစွန်လူကို ခေါ်ယူဖို့ မန်စီးတီးဘက်က စိတ်ဝင်စားနေပေမယ့် ပေါင် သန်း ၄၀ ထက် ပိုပေးဖို့ ဆန္ဒ မရှိပါဘူး။ အခုချိန်မှာ ချယ်ဆီးဘက်က စပိန်သားကို ခေါ်ယူနိုင်ခွင့်အတွက် စတင် မေးမြန်းလာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ထံ ဇင်ချန်ကို ကို ရောင်းထုတ်ပြီးတဲ့နောက် ဘယ်အစွန်နေရာမှာ လူသစ် အားဖြည့်ဖို့ မန်စီးတီးက ရည်ရွယ်ထားတာပါ။ မနှစ်ကရာသီမှာ ပရီးမီးယားလိဂ်ထံ ရောက်လာခဲ့တဲ့ စပိန်သားရဲ့ ခြေစွမ်း ခြေစကို ဂွာဒီယိုလာက နှစ်သက်နေတာလို့ သိရတယ်။
ကူကူရယ်လာ ကိုယ်တိုင်ကလည်း ဘရိုက်တန်နဲ့ အက်စပန်ညိုတို့ရဲ့ ခြေစမ်းပွဲကို လွဲချော်ခဲ့ကာ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ စာတင်ထားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ အသက် ၂၄ နှစ်အရွယ် ဘယ်အစွန်လူအတွက် ပေါင် ၃၅ သန်း ဝန်းကျင်နဲ့ပါ ကမ်းလှမ်းထားခဲ့ပါသေးတယ်။ ဒါပေမယ့် ညိနှိုင်းမှု အဆင်မပြေခြင်းကြောင့် ဘယ်အစွန်လူသစ် ရှာဖွေနေတဲ့ ချယ်ဆီးအတွက် လမ်းပွင့်ခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာ လက်အောက်မှာ သူ့ကစားသမားဘဝ တစ်ဆင့်မြင့်သွားမယ်လို့ ကူကူရယ်လာက မြင်ထားတဲ့ အချက်က ချယ်ဆီးရဲ့ ကမ်းလှမ်းမှုကို အတားအဆီး ဖြစ်စေနိုင်သလား မသိရသေးပါဘူး။ အစောတည်းက စပိန်သားဟာ မန်စီးတီးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ယူနိုင်ရေး ပြဿနာမရှိဘူးလို့ သိထားရတယ်။
မန်စီးတီးမှာ ဝေါ်ကာနဲ့ ကန်ဆယ်လိုတို့ပဲ အစွန်နေရာအတွက် စီနီယာကစားသမားတွေ အဖြစ် ရှိနေတာကြောင့် မန်ချက်စတာကို ပြောင်းခဲ့ရင် ကူကူရယ်လာက ပွဲကစားခွင့်တွေ ရနိုင်ပါတယ်။
ချယ်ဆီးအသင်းမှာ ဘယ်အစွန်အတွက် ချီးဝဲလ် ရှိနေတာဖြစ်ပြီး ကူကူရယ်လာကို ဘယ်ခြမ်း ခံစစ်မှူးအဖြစ် ရည်ရွယ်သလို ချီးဝဲလ် မကစားနိုင်ရင် အဆိုပါနေရာကနေ ပွဲထုတ်လို့ ရနိုင်မှာဖြစ်ပါတယ်။