ဒီနွေဈေးကွက်အတွက် စီးတီးရဲ့ ဈေးအကြီးဆုံး ကမ်းလှမ်းမှုကို လိုက်ဇစ်ဘက်က ပယ်ချ
ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ လိုက်ဇစ်အသင်းမှ ခံစစ်မှူး ဂါဗာဒီယိုကို ကမ်းလှမ်းဖို့ ကြိုးစားခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၂၀ အရွယ် ခရိုအေးရှား ခံစစ်မှူးဟာ လိုက်ဇစ်မှာ နေရာရလာခဲ့တာ ၂ ရာသီကျော် ရှိနေခဲ့ပါပြီ။ သူ့ကို ခေါ်ယူရေး ချယ်ဆီးအသင်းက စိတ်ဝင်စားထားကာ တိုက်စစ်မှူး တီမိုဗာနာကို အငှားချပေးမှုနဲ့အတူ ဒီနွေမှာ ခေါ်ယူနိုင်ဖို့ လိုက်ဇစ်နဲ့ တိုက်ရိုက်ဆွေးနွေးမှု လုပ်ထားခဲ့ပါတယ်။
ခံစစ်အတွက် လက်စတာမှ ဖိုဖန်နာ၊ လိုက်ဇစ်မှ ဂါဗာဒီယိုနဲ့ ပီအက်စ်ဂျီမှ ကင်ပန်ဘီတို့ကို ချိန်ရွယ်နေတဲ့ ချယ်ဆီးအသင်းဟာ တစ်ဦးနဲ့မှတော့ ရေပန်းစားအဆင့်ကို ရောက်မလာခဲ့ပါဘူး။
ဒီလို အခြေအနေမှာပဲ မန်စီးတီးက ဂါဗာဒီယိုအတွက် လိုက်ဇစ်နဲ့ ပြောင်းရွှေ့ကြေး ဆွေးနွေးခဲ့ကြောင်း ဂျာမာန်သတင်းဌာန BILD Sport က ဖော်ပြလာခဲ့တယ်။ တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးပေမယ့် မန်စီးတီးဘက်က ဆွေးနွေးမှုဟာ ယူရို သန်း ၈၀ ဝန်းကျင်ရှိခဲ့ကာ ပယ်ချခံရတယ်လို့ သိရပါတယ်။
မကြာခင်မှာ မန်စီးတီးထံကနေ ဂါဗာဒီယိုအတွက် ထပ်မံ ကြိုးစားမှုတွေ ရှိလာပါဦးမယ်လို့လည်း အဆိုပါသတင်းက ဖော်ပြသွားပါတယ်။
မန်စီးတီးအသင်းမှာ ခံစစ်မှူးတွေအဖြစ် လာပေါ်တေး၊ ဒီယက်စ်၊ အကီ၊ စတုန်းတို့ ၄ ဦး ရှိထားတာပါ။ အကီကို ချယ်ဆီးဘက်က ကမ်းလှမ်းခဲ့ပြီး ပေါင် သန်း ၄၀ ကျော်နဲ့ သဘောတူညီမှု ရခါနီးမှာ မန်စီးတီးဘက်က ပယ်ချခဲ့သေးတာဖြစ်ပါတယ်။
လာပေါ်တေးရဲ့ ဒဏ်ရာက မကြာခဏ အနားယူနေရသလို ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးကို အရေးနိမ့်ခဲ့စဉ် ဒီယက်စ်နဲ့ အကီ အတွဲရဲ့ ခြေစွမ်းကို နည်းပြဂွာဒီယိုလာ အားမရခဲ့ဘူးလို့ သုံးသပ်ရတာဖြစ်တယ်။ ဒါကြောင့် ဂါဗာဒီယိုအတွက် ကြိုးစားမှုကို စတင်လာခဲ့တာ ဖြစ်နိုင်ပါတယ်။
မန်စီးတီးဟာ ဒီနွေမှာ ဟာလန်း၊ အဲဗာရက်စ်၊ ကယ်ဗင် ဖီးလစ်တို့ကို ခေါ်ယူထားခဲ့ပြီး ကူကူရယ်လာနဲ့လည်း သတင်းထွက်နေသေးတာပါ။ ဘရိုက်တန် ခံစစ်မှူးအတွက် ပေါင် သန်း ၅၀ ပေးဖို့ တွန့်ဆုတ်ချိန်မှာပဲ ချယ်ဆီးအသင်းက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။