ဖိုဒန် လစာသစ်၊ ကူကူရယ်လာ အစားထိုး ပစ်မှတ်၊ စပို့တင်းမှ နူနက်စ်၊ ဂွန်ဒိုဂမ် အလဲထပ်နဲ့ မန်စီးတီး အပြောင်းအရွှေ့ သတင်းများ
လူငယ်ကွင်းလယ်ကစားသမားလေး ဂျိမ်းစ် မက်ကာတီဟာ ဒီနှစ်ရာသီမှာတော့ လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ် ယူနိုက်တက်အသင်းဆီ တရာသီ အငှားထွက်ကစားဖို့ သေချာသွားခဲ့ပါပြီ။ အသက် ၁၉ နှစ်သားလေးအတွက် မန်စီးတီးအသင်းနဲ့ ရှက်ဖီးလ်တို့ကြား သဘောတူညီမှု အပြည့်အဝ ရခဲ့ပြီး မကြာမီမှာ အပြောင်းအရွှေ့ကို တရားဝင်ကြေညာနိုင်ပါတယ်။
အရင်ရက်က သတင်းတွေ ထွက်ထားသလိုပဲ မန်စီးတီးအသင်းဟာ တောင်ပံတိုက်စစ်ကစားသမားလေး ဖီးလ် ဖိုဒန်ကို ၆ နှစ်သက်တမ်းရှိ စာချုပ်သစ်တရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အင်္ဂလန်သားလေးဟာ စာချုပ်သစ်မှာ တပတ်လုပ်ခ ပေါင် ၂၂၅၀၀၀ ဝန်းကျင် ရရှိသွားမယ်လို့လည်း သိရပါတယ်။
စီးရီးအေထိပ်တန်းကလပ် ဂျူဗင်တပ်အသင်းဟာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ အီကေး ဂွန်ဒိုဂမ် ကို စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ဘရာဇီးလ် ကွင်းလယ်လူ အာသာမယ်လိုနဲ့ အလဲအထပ်လုပ်သွားဖို့ ကြိုးစားလာနိုင်ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းကတော့ အဆိုပါ အပြောင်းအရွှေ့ကို လုံးဝစိတ်ဝင်စားခြင်း မရှိကြောင်းလည်း သိရပါတယ်။
ဘရိုက်တန် ဘယ်နောက်ခံကစားသမား မာ့ခ် ကူကူရယ်လာ က ချဲလ်ဆီးနဲ့ သဘောတူညီမှု ရသွားတဲ့နောက် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းရဲ့ ဘယ်နောက်ခံကြယ်ပွင့်လေး ဆာဂျီယို ဂိုးမက်ဇ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ စပိန်သားလေးကို မန်စီးတီးအသင်းရဲ့ ကင်းထောက်အဖွဲ့ စောင့်ကြည့်နေတာ ကြာမြင့်နေပြီဖြစ်ပြီး ဒီနှစ်နွေအပြောင်းအရွှေ့မှာ အရခေါ်ယူသွားဖွယ် ရှိနေပါတယ်။
ဂန္ထဝင် တိုက်စစ်မှုး ဆာဂျီယို အဂွဲရိုးကတော့ တိုက်စစ်ကစားသမား ရာဟင်မ် စတာလင်းကို ပြိုင်ဘက် ချဲလ်ဆီးအသင်းဆီ ရောင်းချလိုက်တာကို နားမလည်နိုင် ဖြစ်နေပါတယ်။ “ကျွန်တော့်အနေနဲ့ ရာဟင်မ် (စတာလင်း) ကို ရောင်းလိုက်တာကို နားမလည်နိုင်ပါဘူး။ စီးတီးဟာ တကယ်ကိုပဲ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်တွေ ချလွန်းပါတယ်။” လို့ အဂွဲရိုးက ဆိုပါတယ်။
ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ဘာနာဒို ဆေးဗားလ်နဲ့ ဆွေးနွေးမှုအချို့ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ စပိန်သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း မန်စီးတီးအသင်းကတော့ ပေါ်တူဂီသားကို ဆက်လက် ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်လာဖို့ ခက်နိုင်ပါတယ်။
လိုက်ပ်ဇစ်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား ယော့စ်ကို ဂါဒီယောကို မန်စီးတီအသင်း ချတ်ဆက်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ တယ်လီဂရပ်ဖ် သတင်း အဆို အရ သိရပါတယ်။ ဒါပေမဲ့လည်း အဆိုပါကြယ်ပွင့်အတွက် တရားဝင်ကမ်းလှမ်းမှုမျိုးတော့ မပြုလုပ်ခဲ့ပါဘူး။
မန်စီးတီးအသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ကစားသမား မားသီးယို့စ် နူနက်စ်ကို စိတ်ဝင်စားနေတာ မှန်ပေမဲ့လည်း အသင်းနှစ်သင်းကြား တစုံတရာ ဆွေးနွေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ မန်စီးတီးအသင်းနဲ့ စပို့တင်းတို့ဟာ ဆက်ဆံရေးကောင်းတွေ ရှိနေပေမဲ့လည်း နူနက်စ်အတွက် ချဉ်းကပ်လာခြင်း မရှိသေးတာ ဖြစ်ပါတယ်။