ပရီးမီးယားလိဂ် တစ်ခုလုံးကို တုန်လှုပ်စေပြီး မန်စီးတီးကို ၃ကြိမ်ဆက် ချန်ပီယံ ဖြစ်စေမယ့် ကစားသမား အလန်ရှီးယား ညွှန်ပြ

အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး အလန် ရှီးယားရားက အာလင်း ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ပိုမို အသက်ဝင် လှုပ်ှရား လာစေပြီး မန်စီးတီးကို ၃ ကြိမ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးမယ့်သူလို့ ထောက်ခံခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် ပေါင် ၅၁ သန်း အသုံးပြုခဲ့ရပြီး နော်ဝေတိုက်စစ်မှူးဟာ ၎င်းတို့ကို ၃ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားနဲ့ ပထမဆုံး ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

အလန် ရှီးယားရားက ၎င်းရဲ့ BBC အားကစား သတင်း ကော်လံထဲမှာ ဟာလန်းက သူ့ရဲ့ စံချိန်ကို ရိုက်ချိုးနိုင်မှာဖြစ်သလို ဆုဖလားပြိုင်ပွဲမှာလည်း ကွဲပြားခြားနားမှုတွေကို သက်သေပြသနိုင်လိမ့်မယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အခု ပရီးမီးယားလိဂ်ချန်ပီယံကို ရွေးချယ်ရမယ်ဆိုရင် စီးတီးပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုပြောရတာက အာလင်း ဟာလန်းကြောင့်ပါပဲ။ သူတို့တွေ မနှစ်က သူ မရှိဘဲနဲ့တောင် ဖလားရခဲ့ပြီး တကယ့် တိုက်စစ်မှူးအစစ်တောင် မသုံးခဲ့ပါဘူး”

“အခုဆိုရင် သူတို့မှာ ဒီရာသီ အနည်းဆုံး သွင်းဂိုး ၃၀ လောက် သွင်းမယ့် တိုက်စစ်မှူးတစ်ယောက် ရှိနေပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေထဲက အာလင်း ဟာလန်းဟာ ဒေါ့မွန်အသင်းကို ၂၀၂၀ ခုနှစ်မှာ ပြောင်းရွှေ့ကစားပြီးကတည်းက ၎င်းရဲ့ ကြောက်ခမန်းလိလိ သွင်းဂိုးတွေနဲ့ ဥရောပတခွင်ကို တုန်လှုပ် စေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှူးခေါ်ယူမှုနဲ့ပတ်သက်လာရင် ကောင်းမွန်တဲ့ အမြင်ရှိပြီး ဆာဂျီယို အဂွေရိုဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲ ၃၆၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၆၀ သွင်းယူပေးပြီး အသင်းရဲ့ တသက်တာ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။