တိုက်စစ်မှုးသစ် ဟာလန်း ကို ချီးကျူးရင်း ဘောလုံးလုကန်ရင် ထ ထိုးမယ့် ပုံပဲ လို့ အရွှန်းဖောက်ခဲ့တဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ဝက်စ်ဟမ်းနဲ့ ပွဲကတော့ တိုက်စစ်မှုးသစ် ဟာလန်းရဲ့ သွင်းဂိုး ၂ဂိုးနဲ့ အနိုင်ရကာ အဖွင့်လှသွားခဲ့ပြီ ဖြစ်ပါတယ်။
တိုက်စစ်မှူး အာလင်း ဟားလန်းကတော့ သူ့အပေါ် မျှော်လင့်ထားခဲ့ကြသူတွေကို စိတ်မပျက်စေခဲ့ဘဲ အကောင်းဆုံး ခြေစွမ်းနဲ့ နှစ်ဂိုး သွင်းယူပြခဲ့တဲ့အပြင် ဟက်ထရစ် မရခဲ့တဲ့အတွက် သူ့ကိုယ်သူ အားမလိုအားမရဖြစ်နေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဟားလန်းရဲ့ ပထမဆုံး ဂိုးပိုက်ထဲ ထည့်နိုင်ခဲ့မှုက ဂွန်ဒိုဂမ်ကြောင့် လူကျွံနေခဲ့ပြီး ဒုတိယပိုင်းမှာ အနီးကပ် ခေါင်းတိုက်ချက်ကတော့ ဘားကျော်သွားခဲ့ပေမယ့် ကိုယ်တိုင် ရှာဖွေခဲ့တဲ့ ပင်နယ်တီ၊ အကောင်းဆုံးနေရာယူ အဆုံးသတ်နိုင် ခဲ့တဲ့ ဒုတိယဂိုးတွေနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံးပွဲက မိုးပြာရောင်တွေရဲ့ ဂန္ထဝင် ဆာဂျီယို အဂွေရိုလိုပဲ တူညီတဲ့ မှတ်တမ်းကို ရေးထိုးနိုင်ခဲ့တာပါ။
နည်းပြ ဂွါဒီယိုလာကတော့ သူ့ရဲ့ တပည့်ဟောင်း မက်ဆီနဲ့ နှိုင်းယှဉ်ချီးကျူးသွားခဲ့ပြီး “မက်ဆီဆိုရင်လည်း ဒီလိုပဲ နှစ်ဂိုး သွင်းနိုင်ခဲ့တာတောင် ဟက်ထရစ် မရတာကို မကျေနပ်ခဲ့ဘူး။ သုံးဂိုးရရင် လေးဂိုး၊ လေးဂိုးရရင် ငါးဂိုး လိုချင်ပြီး အမြဲကို ဂိုးဆာလောင်နေတာ။ ဒီလို ကစားသမားတွေကို ပိုင်ဆိုင်ထားရတဲ့ ကျွန်တော်က ကံကောင်းတာပေါ့”လို့ ပြောဆိုခဲ့ပါတယ်။
ပင်နယ်တီကို ရယူနိုင်ခဲ့တဲ့နောက် ချက်ချင်းပဲ ဘောလုံးကို ရယူပြီး ဟာလန်း ကိုယ်တိုင်ပဲ ကန်ခဲ့တာနဲ့ ပတ်သတ်ပြီး လည်း နည်းပြကြီးက အခုလို မှတ်ချက်ပြုခဲ့ပါတယ်။
“ အဲဒီချိန် တစ်ယောက်ယောက်များ ကန်မယ်ဆိုပြီး ဘောလုံးကို လာယူရဲခဲ့ရင် သူထိုးတာ ခံရလောက်တယ်လို့ ကျွန်တော် သေချာနေတယ်။ ဒါက ကျွန်တော့်အတွက်တော့ ကောင်းပါတယ်”လို့ ဂွါဒီယိုလာ က ရယ်မောရင်း ပြောဆိုခဲ့တာပါ။
ဟားလန်းဟာ ဒီလိုမျိုး ပြိုင်ပွဲတစ်ခုရဲ့ ပထမဆုံး ပွဲဦးထွက်မှာ ဂိုးသွင်းတဲ့ မှတ်တမ်းကောင်းကို ပရီးမီးယားလိဂ်မှာ တင်မဟုတ်ဘဲ အတိတ်က အသင်းတွေနဲ့အတူ ဒေါ့မွန်နဲ့ ဘွန်ဒက်စ်လီဂါမှာ တစ်ကြိမ်၊ ဂျာမန်ပိုကယ်ဖလားမှာ တစ်ကြိမ်၊ ဂျာမန်ဆူပါဖလားမှာ တစ်ကြိမ်၊ ချန်ပီယံလိဂ်မှာ တစ်ကြိမ်၊ နော်ဝေဖလားမှာ တစ်ကြိမ် ရယူခဲ့ဖူးပြီး သူဟာ ဘယ်ထိပ်တန်းတိုက်စစ်မှူးတွေနဲ့မဆို ယှဉ်ပြိုင်နိုင်ကြောင်း ပြသသွားခဲ့တာဖြစ်ပါတယ်။