ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ၂ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဟက်ထရစ် ရခဲ့သင့်တာ လို့ မချင့်မရဲ ဖြစ်နေတဲ့ ဟာလန်း
မန်ချက်စတာ စီးတီး အသင်းရဲ့ တိုက်စစ် ကစားသမား အာလင် ဟာလန်း က သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ၂ဂိုး သွင်းနိုင်ခဲ့သည့်တိုင် ကျေနပ် မနေသေးဘဲ အနည်းဆုံး ဟက်ထရစ် ရခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ဟာလန်း ဟာ ပထမပိုင်းမှာ သူ့ကြောင့် ရတဲ့ ပင်နယ်တီ ကနေ တစ်ဆင့် မန်စီးတီး အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူ ပေးခဲ့ပြီး ဒုတိယပိုင်းမှာလည်း တန်ပြန် တိုက်စစ် ကနေ ရလာတဲ့ အခွင့်အရေးကို အပိုင်နိုင်ဆုံး အသုံးချကာ ဒုတိယမြောက်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။
အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟာလန်း ဟာ လူစားလဲ မခံရခင် အချိန်အထိ နောက်ထပ် အခွင့်အရေး ကောင်း နှစ်ကြိမ် ထပ်ရခဲ့ပေမယ့် အသုံးချ နိုင်ခဲ့ခြင်း မရှိပါဘူး။ ဟာလန်း က ပွဲအပြီး အင်တာဗျူးမှာတော့ သူ ၂ ဂိုးထက် ပိုရခဲ့သင့်ကြောင်း ပြောကြား သွားခဲ့ပါတယ်။
” ၂-၀ ဆိုတဲ့ ရလဒ်က ကောင်းမွန်တဲ့ စတင်မှု ပါပဲ။ ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားနိုင်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်ခဲ့ပါတယ်၊ လီဗာပူး နဲ့ ပွဲက အနည်းငယ် စိတ်ပျက် စရာပေမယ့် တစ်ပွဲပြီး တစ်ပွဲ ပိုကောင်းလာမှာပါ၊ ကျွန်တော့်ဆီ ပေးပို့မှုတွေလည်း ရောက်လာမှာပါ၊ ဒီနေ့ပွဲမှာ ဂိုးတွေ ရခဲ့သင့်တာ မှန်ပေမယ့် အခု ရလဒ်ကလည်း အဆင်ပြေပါတယ်။
ကျွန်တော်လည်း ဟက်ထရစ် ရခဲ့သင့်တာပါ၊ လူစားလဲ မခံရခင် အချိန် ဂန်ဒိုဂန် ရတဲ့ အခွင့်အရေးမျိုးမှာ သူ့နေရာမှာ ကျွန်တော် ရှိနေသင့်တာပါ ၊ အနည်းငယ် စိတ်ပျက်စရာ ဖြစ်သွားပေမယ့် ပြီးတာတွေကလည်း ပြီးသွားခဲ့ပါပြီ။
ကျွန်တော်တို့ နေ့တိုင်း တစ်ယောက် နဲ့ တစ်ယောက် အချိတ်အဆက် ပိုမိအောင် လေ့ကျင့်နေကြပါတယ် ။ ဒီထက် ပိုကောင်းလာမှာ ဖြစ်တဲ့ အတွက် ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး ၊ အခုဆို ကျွန်တော် ဂိုးနောက်ဆုံး သွင်းခဲ့တာက မိနစ် ၃၀ နီးပါး ရှိနေပါပြီ ၊ ဒါကြောင့် ကျွန်တော် ဂိုးတွေ ဆက်သွင်းနိုင်အောင် ကြိုးစား သွားမှာပါ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။