အဖွင့်ပွဲ ဂိုးပြတ်နိုင်ခဲ့တဲ့ အပေါ် ယစ်မူးမနေဘဲ တိုးတက်အောင် ကြိုးစားဦးမယ့် စီးတီးကြပွင့် ဒီဘရိုင်း

မန်စီးတီးဟာ ရာသီသစ်ရဲ့ ပထမဆုံးပွဲစဉ်ကို ဝက်စ်ဟမ်းအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင် ကစားရပြီးနောက် ဟာလန် သွင်းဂိုးတွေနဲ့ အတူ ၂-ဝ နဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

စီးတီး ကွင်းလယ်သမား ဒီဘရိုင်း ကတော့ သူကိုယ်တိုင်နဲ့ မန်စီးတီးဟာ တိုးတက်ရဦးမှာဖြစ်ပါတယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။ ဒီဘရိုင်းဟာ ဟာလန်းရဲ့ ဒုတိယဂိုး အတွက် ဂိုးဖန်တီး ပေးခဲ့တာပါ။

ဘယ်လ်ဂျီယံသားဟာ နွေရာသီမှာ နိုင်ငံ လက်ရွေးစင် အသင်းအတွက် ကစားပေးခဲ့ရခြင်းမရှိဘဲ အပြည့်အဝ အနားယူခဲ့ရကာ ပထမဆုံးပွဲမှာ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး နိုင်ပွဲရယူနိုင်လိုက်တာပါ။

“ကျွန်တော် ကောင်းကောင်းအနားယူခဲ့ရပါတယ်။ ကျွန်တော် ခပ်နှေးနှေးပဲ ပြန်လာခဲ့ပြီး ဒါကပဲ ပိုကောင်းတာ ဖြစ်တာကြောင့် မစိုးရိမ်မိပါဘူး။ ကျွန်တော်ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်လာဖို့အတွက် ကြိုးစားနေပါတယ်”

“ဒီကိုလာရတာက ခက်ခဲပြီး ပထမဆုံးပွဲကို ကျွန်တော်တို့က အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အမှားအချို့ ကျူးလွန်ခဲ့ပေမယ့် ပွဲကို ထိန်းချုပ်နိုင်ခဲ့ကာ ကောင်းမွန်တဲ့ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်” လို့ ဒီဘရိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က လီဗာပူးအား ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အကောင်းဆုံး မကစားနိုင်ခဲ့ကာ မေးခွန်းထုတ် စရာဖြစ်ခဲ့သော်လည်း ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးပွဲထွက်မှုမှာတော့ ဟာလန်းက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဟာလန်း အပေါ် ဝေဖန်ကြမှုတွေနဲ့ ပတ်သတ်ပြီးလည်း ဒီဘရိုင်းက – “ဝေဖန်မှုတွေကို ကျွန်တော်တို့က ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ အားလုံးက ဖြစ်ချင်တာကို ပြောနိုင်ပါတယ်။ တစ်ပွဲမှာ သူ ဂိုးမသွင်းဘူးဆိုရင် ခြေစွမ်းမပြသနိုင်ဘူး ၊ ဒီနေ့လို ဂိုးသွင်းယူမယ်ဆိုရင်က ခြေစွမ်းပြနိုင်တယ်လို့ ပြောနေကြမှာပါ။

ကမ္ဘာကြီးကတော့ ဒီလိုပါပဲ။ သူကတော့ အဆင်ပြေမှာပါ။ ဒီနေ့လုပ်ခဲ့သလိုမျိုး သူက အသင်းကိုကူညီပြီး ဂိုးသွင်းယူဖို့ အတွက် ဒီမှာရှိနေတာပါ၊ ဒါဟာ သူ့အပေါ် ဖိအားတွေပေးလိုက်တာမဟုတ်ပါဘူး။ သူ့မှာ ဖိအားတွေရှိနေတာ ကျွန်တော်သိပါတယ်၊ ဒီလိုစတင်တာကပဲ သူ့အတွက် ကောင်းပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။