ဘာနာဒို ဆေးလ်ဗားနဲ့ ဘာစီလိုနာ သတင်းတွေကို ထပ်ရှင်းနေရတဲ့ မန်ချက်စတာစီးတီး
မန်ချက်စတာတီးအသင်းရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက သူတို့အသင်းရဲ့ အားထားရတဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းဘက်က ကမ်းလှမ်းမှုပြုလုပ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ငြင်းဆိုနေပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းက စီးတီးရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ဒုတိယအကြိမ် လုပ်ဆောင်နေတယ်လို့ သတင်းအချို့က ဖော်ပြလာကြတာပါ။
ဘာနာဒိုဆေးလ်ဗားက ပြီးခဲ့တဲ့ ရာသီမှာကတည်းက ပေါ်တူဂီမှာရှိတဲ့ သူ့မိသားစုနဲ့ ပိုမိုနီးနီးကပ်နေရစေဖို့ အတွက် စပိန်ကလပ် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ ချင်တဲ့ အကြောင်း ပြောဆိုခဲ့တာပါ။

မန်စီးတီးအသင်းရဲ့နည်းပြဖြစ်တဲ့ ပက်ဂွာဒီယိုလာက အပြောင်းအရွှေ့ပိတ်သိမ်းဖို့ ၃ပတ်သာ လိုတော့တဲ့ အချိန်မှာ ကစားသမား ပြန်လည် ဖြည့်တင်းဖို့ ခက်ခဲနေပြီ ဖြစ်တာကြောင့် ကစားသမားတွေ ရောင်းသွားဖို့ မရှိတဲ့အကြောင်း ရှင်းလင်း ပြောဆိုထားခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဘက်က ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဘာစီလိုနာအသင်းက မန်စီးတီးကွင်းလယ် ကစားသမား ဘာနာဒိုဆေးလ်ဗားကို ပေါင် ၄၆သန်း နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေပြီ ဖြစ်တယ်လို့ ကြားသိနေရတာလည်း ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဝက်စ်ဟမ်းအသင်းကို ၂ – ၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်၌ ဘာနာဒိုဆေးလ်ဗားကို အရန်ခုံပို့ကာ အခြား ကွင်းလယ် ကစားသမားတစ်ဦးဖြစ်တဲ့ ဂန်ဒိုဂန်ကို အသုံးပြုသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ခေါ်ယူထားခဲ့တဲ့ အခြားကစားသမားတွေကို စာရင်းသွင်းနိုင်ခြင်း မရှိသေးတာကြောင့် ဘာနာဒိုဆေးလ်ဗားကို ဒီနှစ်အပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူနိုင်ဖို့ ခက်ခဲနေမှာပဲ ဖြစ်ပါတယ်။
