PFA အကောင်းဆုံး အသင်းမှာ လီဗာပူး အသင်းသားတွေ ပိုများနေခြင်းကို ဝေဖန်ခဲ့တဲ့ ဘာနာဒို

အင်္ဂလန်မှာ မန်စီးတီးအသင်းဟာ အကောင်းဆုံး စွမ်းဆောင်နိုင်ပေမယ့် ထိုက်တန်တဲ့ အသိအမှတ်ပြုခြင်း မခံရဘူးဆိုကာ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားက မကျေမနပ်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လီဗာပူးအသင်းဟာ ဖလားလေးလုံး အောင်မြင်မှုနဲ့ နီးစပ်ခဲ့ပေမယ့် ရာသီကုန်မှာ လိဂ်ဖလားနဲ့ အက်ဖ်အေဖလားကိုပဲ ကိုင်မြှောက်နိုင်ခဲ့တာပါ။ မန်စီးတီးကတော့ လီဗာပူးထက် တစ်မှတ်အသာနဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ရာသီကုန် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး အသင်းထဲမှာ လီဗာပူးကစားသမား ၆ ယောက် ပါဝင်ခဲ့ပြီး မန်စီးတီးမှ ၃ ယောက်ပဲ ပါဝင်ခဲ့ပါတယ်။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကလည်း ဂွာဒီယိုလာကို ကျော်ပြီး PFA အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

တခြား မန်စီးတီး အသင်းဖော် နှစ်ယောက်နဲ့အတူ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တဲ့ ဆေးဗားကတော့ စီးတီးကစားသမားတွေဟာ အင်္ဂလန်မှာ အနိမ်ခံနေရတယ်လို့ ယုံကြည်နေတယ်။

ပေါ်တူဂီသား ကစားသမာ ဆေးဗားက ဖွင့်ပြောရာမှာ “ ကျွန်တော် စောဒက တက်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားကလပ်တွေက မန်စီးတီးထက် အများကြီးပိုပြီး ချီးကျူးခံရတယ်လို့ ကျွန်တော် ခံစားရတယ်။

ဥပမာ ပေါ်တူဂီမှာ ပရိသတ် အများအပြားနဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘင်ဖီကာမှာ ကျွန်တော် ရှိခဲ့တုန်းကဆိုရင် ကောင်းတာတစ်ခုခု လုပ်ပြလိုက်ရင် ကြီးကျယ် ခမ်းနားသွားပါတယ်။ မန်စီးတီးမှာကျတော့ သိပ်ကောင်းတာ တခုခု လုပ်ပြလိုက်ရင်တောင် တော်ရုံသင့်ရုံပဲလို့ မြင်ကြတယ်။

ကျွန်တော် စောဒက တက်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ကစားပြီး ၅ နှစ်အတွင်း ဖလားလေးကြိမ်ရတာတောင် နှစ်တိုင်း ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းကို ကြည့်လိုက်ရင် ဘယ်တော့မှ ကျွန်တော်တို့ အသင်းက ကစားသမားအများဆုံး မပါဘူး။

ကျွန်တော်တို့မှာ အကောင်းဆုံးနည်းပြ၊ အကောင်းဆုံး ကစားသမားတွေ မရှိဘဲနဲ့ ၅နှစ်အတွင်း ဖလားလေးကြိမ် ရမတဲ့လား။ အဲ့ဒါက အဓိပ္ပါယ် မရှိတာပဲ။ မန်စီးတီးကစားသမားတွေက ထိုက်တန်သလောက် ချီးကျူးမှု မခံရဘူးဆိုတာ ပြသနေတာပါ ” လို့ ဖြစ်ပါတယ်။

PFA ဆုတွေဟာ ဘဝတူ ပရော်ဖက်ရှင်နယ် ကစားသမားတွေက ရွေးချယ်ခြင်းဖြစ်လို့ ဘာနာဒို ပြောသလိုပဲ မန်စီးတီးကို ထိုက်သင့်သလောက် မချီးကျူးသလား ဒါမှမဟုတ် အကောင်းဆုံးတွေကို ဆုဖလားနဲ့ တန်ဖိုးမဖြစ်ခြင်းလား ဆိုတာတော့ မေးခွန်းတစ်ခု အဖြစ် ရှိနေဦးမှာ ဖြစ်ပါတယ်။