ဟာလန်းထံက ဂိုးတွေ မြင်ရဦးမယ် ဆိုတဲ့ မန်စီးတီး V ဘုန်းမောက်ပွဲ အတွက် ဘီဘီစီ ခန့်မှန်း

မန်စီးတီးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဝက်ဟမ်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ပြီး ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါပြီ။

ဒီအပတ်ပွဲကို အီသီဟတ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် တန်းတက်ကလပ် ုဘုန်းမောက်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ သွင်းဂိုး ၂ ဂိုး ရထားပြီဖြစ်တဲ့ ဟာလန်းဟာ ဒီပွဲမှာ ဂိုးတွေ ထပ်ရဖို့ရှိနေတယ်လို့ ရေပန်းစားနေပါတယ်။

ဒီအပတ် မန်စီးတီးပွဲအတွက် ဘီဘီစီ သုံးသပ်သူတစ်ဦးဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း ခရစ် ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Manchester City vs Bournemouth

ပွဲချိန်။ ။ သြဂုတ် ၁၃ ရက်၊ စနေနေ့၊ ည ၈း၃ဝ နာရီ။

ဒီပွဲမတိုင်ခင် ဟာလန်းက သွင်းဂိုးတွေကို မြင်ယောင်ပြီး လျှာသပ်နေမိပါလိမ့်မယ်။ မန်စီးတီးက အဖွင့်ဂိုး ရသွားခဲ့ရင် ဘုန်းမောက်တို့ ဒုက္ခများပါပြီ။

ဘုန်းမောက်ကလည်း ဒုက္ခပေးနိုင်ဖို့ ကြိုးစားမှာ ဆိုပေမယ့် သူတို့ လုပ်နိုင်ဖို့ မသေချာပါဘူး။ ပရီးမီးယားလိဂ်မှာတော့ ဘုန်းမောက်က အရပ်အမောင်း အမြင့်ဆုံး အသင်းဖြစ်ပြီး ဒီအပတ်မှာ ဒါကို သူတို့တွေ အသုံးချနိုင်ပါတယ်။

ဆက်တန်ရဲ့ ခန့်မှန်းချက်။ ။ Man City 5-0 Bournemouth