ဘုန်းမောက်ကို ဂိုးပြတ်နိုင်တဲ့ ပွဲမှ မန်ချက်စတာ စီးတီး အတွက် သတိပြုမိစရာ အချက်များ

မန်ချက်စတာစီးတီးဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာတော့ တန်းတက် ဘုန်းမောက်ကို အီတီဟက် ကွင်းမှာ ၄-ဝ နဲ့ ဂိုးပြတ်ချေမှုး ဧည့်ခံကစားခဲ့ပါတယ်။ ထိုပွဲမှာ ဟာလန်း ဂိုးမသွင်းခဲ့ပေမယ့် ပြောစရာ အချက်လေးတွေကို အခုလို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

အကောင်းဆုံးဖြစ်နေဆဲ ဒီဘရိုင်း

ချဲလ်ဆီးကနေ အီဒင် ဟာဇက် ရီးရဲလ်မက်ဒရစ် ရောက်သွားကတည်းက ဒီဘရိုင်း ဟာ အကောင်းဆုံး ပရီးမီးယားလိဂ် ကွင်းလယ်လူနဲ့ အကောင်းဆုံး ဘယ်လ်ဂျီယမ်သားဖြစ်လာခဲ့တာပါ။ ဒီဘရိုင်း ဟာ အသက် ၃၁ နှစ် ပြည့်မြောက်ခဲ့အပြီး အမြန်နှုန်းအနည်းငယ် လျော့ကျလာပေမယ့် လိုအပ်ချိန်တွေမှာ ညှစ်ရုန်းနိုင်ဆဲဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း စီးတီးတို့အတွက် ဒုတိယဂိုးကို ခြေပြောင်းပြန် ကန်ချက်နဲ့ ထင်မှတ်မထားတဲ့ အနေအထားကနေ ကန်သွင်းယူပေးနိုင်ခဲ့ပြီး ဟားလန်းတစ်ယောက် လူကျွံအနေအထားမှာ ရှိနေချိန်မှာ အမြန်ဆုံးချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကောင်းကိုလည်း ပြသနိုင်ခဲ့တာပါ။

ဟားလန်းရဲ့ ပါဝင် ပတ်သက်မှု

ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုးမြူးခဲ့လို့ ဘုန်းမောက်နဲ့ ပွဲမှာ ဂိုးတွေ ထင်မြင်ရမယ် ထင်ခဲ့ပေမယ့် ဒီပွဲမှာ ဟားလန်းအနေနဲ့ ဘောလုံး ၉ ကြိမ်သာ ထိခဲ့တာဖြစ်ပြီး ဒီထဲက ပထမဆုံး ထိချက်မှာတော့ ကွင်းလယ်လူ ဂွန်ဒိုးဝမ် ဂိုးသွင်းနိုင်ဖို့ ခင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်လို ပြိုင်ဘက်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာက “အင်္ဂလိပ်ဘောလုံးဟာ သင်ယူရတယ်”ဆိုတဲ့ စကားကို မှန်နေစေဆဲဖြစ်ခဲ့ပြီး ဟားလန်းအနေနဲ့ ဒီနေ့ပွဲကနေ သင်ခန်းစာ ယူရဦးမှာပါ။

တိုက်စစ် ပိုလိုက်လာတဲ့ ခံစစ်မှူးတွေ

ဂွါဒီယိုလာရဲ့ ပြီးခဲ့တဲ့ နှစ်အထိ ပုံစံတွေမှာ ခံစစ်အစွန်လူတွေဟာ တိုက်စစ် ကစားချိန်မှာ ကွင်းလယ်ကို ထောက်ပေးပြီး ကွင်းလယ်လူတွေ တိုက်စစ်ကစားနိုင်ဖို့ ပံ့ပိုးပေးပြီး Deep Cross တွေ တင်ပေးဖို့ပဲ တာဝန်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ တာဝန် ပိုများလာခဲ့သလို Winger တွေအဖြစ်ပါ ပြောင်းလဲနေရာယူရပြီး တောင်ပံကစားပုံက လီဗာပူးလ် ပိုဆန် လာခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်လို ပိတ်ကစားတဲ့ ပြိုင်ဘက်အသင်းနဲ့ဖြစ်လို့ ဒီလောက်အထိ တိုက်စစ် လိုက်ပါခဲ့ကြတာလားလို့ မေးစရာဖြစ်ခဲ့ပေမယ့် လာမယ့်ပွဲတွေမှာရော ဒီလိုမျိုး ဆက်ကစားဦးမလားဆိုတာ စောင့်ကြည့် အကဲဖြတ်ရမှာပါ။

သွင်းဂိုး ၅၀ ပြည့် ဂွန်ဒိုဂမ်

ဒီရာသီအစမှာ ဂွန်ဒိုဂမ် တစ်ယောက် စီးတီးက ခွာတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဂျာမန်သားက ဆက်ရှိဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ စီးတီးကွင်းလယ်မှာ သူပါတာနဲ့ မပါတာက သိသာလွန်းပြီး သူပါခဲ့ရင် ဒီဘရိုင်းနား လှည့်ကြည့်စရာ မလိုအောင် ထိန်းချုပ်ပေးနိုင်သလို သွင်းဂိုးတွေလည်း ရယူပေးနိုင်ခဲ့တာပါ။ ဒီနေ့မှာတော့ ဘုန်းမောက်အသင်းဘက်ကို အဖွင့်ဂိုးရရှိဖို့ ဟားလန်းရဲ့ ဖန်တီးမှုကနေ တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းယူပေးခဲ့ပြီး မိုးပြာရောင် မန်ချက်စတာ ကစားသမားဘဝ သွင်းဂိုး ၅၀ ပြည့်မြောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီး နွှေးပေးတဲ့ အကီ ရဲ့ ပြင်းအား

ချဲလ်ဆီးကို ပြန်ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ခဲ့သလို စတမ်းဖို့ဒ်ဘရစ်ချ်ဘက်က တကယ်ပဲ ချဉ်းကပ်ခဲ့တဲ့ နောက်ခံလူ နာသန် အကီ တစ်ယောက်တော့ လာပေါ့တ်မရှိချိန်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂျွန်စတုန်းစ်ကိုတောင် နောက်ဆုံးနေရာကို ရွှေ့ပစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ အသင်းဟောင်း ဘုန်းမောက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒတ်ချ်နောက်ခံလူအနေနဲ့ ရူဘင် ဒီယက်စ်ရဲ့ တက်ဖိုက်လို့ ဖြစ်လာခဲ့တဲ့ ကွက်လပ်တွေကို အကောင်းဆုံး ပိတ်ဆို့သွားနိုင်ခဲ့ပြီး မန်စီးတီးကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ချိန်မှာ သူ့ရဲ့ ခြေစွမ်းက ဒီတွန်းအားကြောင့် မီးပေါင်ပြန်ပြည့်လာခဲ့ရတယ်လို့ ဆိုရမှာပါ။

၅ ယောက်လူစားလဲခွင့် ကို ကျေနပ်နေမယ့် ဂွါဒီယိုလာ

လူစားငါးယောက်လဲခွင့် က ပရီးမီးယားလိဂ် ကို ၂၀၂၂-၂၃ ရာသီ အစမှ ရောက်လာခဲ့တာပါ။ အဓိကအားဖြင့်တော့ ကာတာကမ္ဘာ့ဖလားကို ရာသီဝက်ကြီးမှာ ဖောက်ပြီး သွားကစားရမယ့် အသင်းတွေအတွက် ကစားသမား တွေကို အနားပေးနိုင်ဖို့လည်း ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးလို လူအင်အားကြွယ်ဝတဲ့ အသင်းတစ်သင်းအဖို့တော့ ဒီအခွင့်အရေးက တန်ဖိုးရှိခဲ့ပြီး လူကောင်းတွေကို အနားပေးနိုင်သလို လူငယ်တွေကိုလည်း အခွင့်အရေးပေးနိုင်ချိန်မှာ ဒီနေ့မှာတော့ အရန်ခုံကနေ ဘာနာဒို ဆေးလ်ဗား၊ ဂျက်ခ် ဂရီးလစ်ရှ်၊ ဟူလီယန် အဲလ်ဗာရက်ဇ်၊ ဂျွန်စတုန်းစ်နဲ့ လူငယ်ကစားသမား ရီကို လူးဝစ္စတို့ကို ထည့်သွင်းကစားခဲ့တာပါ။