ရာသီသစ်မှာ မည်သူတစ်ဦးရဲ့ လွှမ်းမိုးမှုမှ မပါတဲ့ မန်စီးတီး အဝတ်လဲခန်းတွင်း အပြောင်းအလဲ

မန်စီးတီးအသင်းဟာ အဝတ်လဲခန်းတွင်း မဲပေးမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အသင်းရဲ့ ခေါင်းဆောင်တွေကို ရွေးချယ်ရာမှာ ဒီဘရိုင်းက လက်ထောက် အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဘောလုံးရာသီတိုင်းရဲ့ အစမှာ ဒီမိုကရေစီ နည်းလမ်းအတိုင်း အသင်းသားတွေနဲ့ ဝန်ထမ်းတွေက နာမည်ဖော်ပြစရာ မလိုပါဘဲ မဲပေးရွေးချယ်မှုတွေ အသစ် ပြုလုပ်လေ့ရှိပါတယ်။ အဆိုပါ မဲပေးမှုကတစ်ဆင့် ကလပ်ရဲ့ ခေါင်းဆောင်တွေကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။

မနှစ်က ဘောလုံးရာသီ အပြီးမှာတော့ မန်စီးတီးအသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး နောက်ဆုံး အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဖာနန်ဒင်ဟို ထွက်ခွာသွားခဲ့ပြီဖြစ်တယ်။ ဒါကြောင့်ပဲ ဒီရာသီအတွက် ခေါင်းဆောင်တွေကို ပြန်လည် ရွေးချယ်ခဲ့ပါတယ်။

The Telegraph ရဲ့ ဖော်ပြမှုအရ မန်စီးတီး အသင်းခေါင်းဆောင်အဖြစ် ဖာနန်ဒင်ဟို နေရာမှာ အစားထိုးခံရသူက ကွင်းလယ်လူ ဂွမ်ဒိုဂန်ဖြစ်ပါတယ်။ ဂွမ်ဒိုဂန်ဟာ မန်စီးတီးရဲ့ အမြဲတမ်း အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပြီး ဒီဘရိုင်းက လက်ထောက် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ပွဲထွက်လူစာရင်းမှာ အသင်းခေါင်းဆောင် ဂွမ်ဒိုဂန် မပါနိုင်ချိန်တွေမှာတော့ ဒီဘရိုင်းက မန်စီးတီးအသင်းကို ဦးဆောင်သွားမှာဖြစ်ပါတယ်။

မနှစ်ကရာသီမှာ မန်စီးတီးရဲ့ ခေါင်းဆောင် ၅ ဦး စာရင်းထဲ ဒီဘရိုင်း ပါဝင်ခဲ့ပေမယ့် နံပါတ် ၂ နေရာကနေ စတုတ္ထဦးစားပေး အဆင့်ထိ ကျဆင်းခဲ့တာပါ။ ဒါပေမယ့်လို့ ဒဏ်ရာကနေ ပြန်သက်သာလာပြီးတည်းက ဒီဘရိုင်းဟာ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို တည်တည်ငြိမ်ငြိမ် ပြန်လည် ပြသနေခဲ့ပါပြီ။

မန်စီးတီးရဲ့ အဝတ်လဲခန်းတွင်း ခေါင်းဆောင် ၅ ဦးအဖြစ် ဂွမ်ဒိုဂန်၊ ဒီဘရိုင်း၊ ဒီယက်စ်၊ ရိုဒရီအပြင် ဝေါ်ကာလည်း ပါဝင်လာခဲ့တယ်။ ဝေါ်ကာဟာ မန်စီးတီး ကစားသမားဘဝ ပထမဆုံး အကြိမ်အဖြစ် အဝတ်လဲခန်း ခေါင်းဆောင် စာရင်းထဲ ပါဝင်လာခြင်း ဖြစ်ပါတယ်။