နူးကမ့်မှာ ဘောလုံးကစားနေတဲ့ ဘာနာဒိုကို အားလုံး တွေ့ရတော့မှာပါလို့ သတင်းပေးတဲ့ ဂွာဒီယိုလာ
မန်စီးတီးဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘာနာဒို ဆေးဗားကို ဒီနွေမှာ ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေခဲ့ပြီဖြစ်ပါတယ်။
ဘာနာဒိုဟာ ဒီနွေဈေးကွက်မှာ ပရီးမီးယားလိဂ်ကနေ လာလီဂါကလပ် ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့တာပါ။ မန်စီးတီးဘက်ကလည်း မိသားစုကို လွမ်းနေတဲ့ ကစားသမားရဲ့ ဆန္ဒကို လိုက်လျောပြီး စပိန်ကလပ်ရဲ့ ချဉ်းကပ်မှုတွေကို နားထောင်ပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမယ့်လို့ ပေါ်တူဂီသားကို ပေါချောင်ကောင်း လက်လွတ်မှာ မဟုတ်ဘဲ ဘာနာဒိုကို ခေါ်ယူလိုရင် ပေါင် သန်း ၈၀ ထိ ပေးရမယ်လို့ မန်စီးတီးက ဈေးဖြတ်ခဲ့တယ်။ ဒါဟာ သူ့ကို ခေါ်ယူဖို့ အဓိက စိတ်ဝင်စားနေသလို ဘဏ္ဍာရေး ခက်ခဲနေတဲ့ ဘာစီလိုနာအသင်း လက်လှမ်း မမှီတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ဖြစ်သွားစေပါတယ်။
ဘာစီလိုနာ နည်းပြဇာဗီဟာ ဘာနာဒိုကို အတော်လေး သဘောကျပြီး ဒီနွေမှာ ဒီဂျောင်းကို လက်လွတ်ပြီးရင် အစားထိုးဖို့ထိကို ရည်မှန်းနေတာဖြစ်တယ်။ မန်စီးတီးဘက်က လမ်းဖွင့်ပေးထားပေမယ့် ဘာစီလိုနာဘက်က ဘာနာဒိုအတွက် ပေါင် သန်း ၆၀ ပဲ ဈေးဖြတ်ထားတာကြောင့် ဒီနွေမှာ ခေါ်ယူနိုင်ဘဲ နောက်ဆုတ်ခဲ့ရပါတယ်။
အခုဆိုရင် ဘာနာဒိုဟာ သူ့ရဲ့ အနာဂတ်ကို မန်စီးတီးအသင်းမှာပဲ ဆက်ရှိနေစေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီး မန်ချက်စတာမှာ အိမ်ဝယ်ဖို့ပါ ပြင်ဆင်နေပါပြီ။
ဘာနာဒို အပြောင်းအရွှေ့ အကြောင်းကို ဂွာဒီယိုလာက ပြောရာမှာ ” ဗုဒ္ဓဟူးနေ့ ဘာစီလိုနာမှာ ဘာနာဒို ဘောလုံးကစားတာကို အားလုံးမြင်ရမှာပဲလေ.. မဟုတ်ဘူးလား။ သေချာတာကတော့ သူက ကျနော်တို့ အသင်းနဲ့အတူ ကစားမှာပါ။ မန်စီးတီး အသင်းသားအဖြစ်ပေါ့ ” လို့ ဆိုသွားခဲ့တယ်။
ဘာစီလိုနာနဲ့ မန်စီးတီးတို့ဟာ ဒီလ ၂၄ ရက်နေ့ နူးကမ့်မှာ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်ကစားကြမှာပါ။ ဘာစီလိုနာ ပရိသတ်တွေက ဘာနာဒိုကို ပြိုင်ဘက်အဖြစ် ကွင်းထဲမှာ မြင်တွေ့ကြရပါလိမ့်မယ်လို့ ဂွာဒီယိုလာက ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။