ပရီးမီးယားလိဂ်ဖလား အဓိကပြိုင်ဘက် မန်စီးတီးနဲ့ ပတ်သက်ပြီး ဆာလာရဲ့ ပြောဆိုမှု

လီဗာပူးဟာ ရာသီအစ ၂ပွဲမှာ ၂ မှတ်သာ ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုကနေ ဖယ်ထုတ်ခံရပြီးလာဆိုတာ ပြောဖို့ စောသေးတယ်လို့ မိုဆာလာက ယုံကြည်နေပါတယ်။

လီဗာပူးဟာ ဖူလ်ဟမ်၊ ပဲလေ့စ်တို့နဲ့ပွဲမှာ နောက်ကလိုက်ကစားခဲ့ရပြီး ခက်ခဲတဲ့ ရာသီအစနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဆာလာဟာ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲမှာ ဂိုးလဲသွင်း၊ ဖန်တီးမှုလည်း လုပ်ခဲ့ပေမယ့် ပဲလေ့စ်နဲ့ပွဲမှာတော့ ဘာမှ အကူအညီ မပေးနိုင်ခဲ့ပါဘူး။

မကြာသေးခင်ကပဲ လီဗာပူးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ဆာလာက ရာသီအစ အထနှေးနေပေမယ့် မန်စီးတီးနဲ့ ယှဉ်ပြိုင်နိုင်နေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော်တို့ လိုချင်တဲ့အတိုင်း မစတင်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒါက ပွဲစဉ်ရဲ့ တစိတ်တပိုင်းပဲလို့ ထင်ပါတယ်။ ကျွန်တော်တို့ ပြန်ပြီး တုံ့ပြန်ရမယ်။ ပထမဆုံး ၂ ပွဲမှာ ၄ မှတ် ဆုံးရှုံးခဲ့ပေမယ့် အဲ့ဒါက ဖြစ်နိုင်တဲ့ကိစ္စပဲလေ။

လူတိုင်းက ရာသီသစ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြတယ်လို့ ထင်ပါတယ်။ အသင်းဖော်တိုင်းက ကျွန်တော်တို့ရဲ့ ဘောလုံးကို ထပ်မံပြသချင်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆက်သွားဖို့ လိုပါတယ်။ ပြီးခဲ့တာတွေကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါကြောင့် နောက်ပွဲအတွက်ပဲ အာရုံစိုက်ကြတာပေါ့ ” လို့ ဆာလာက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ ရလဒ်က ထင်ထားသလို ဖြစ်မလာရင် မန်စီးတီးနဲ့ ၇မှတ်လောက် ကွာဟသွားနိုင်တဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဆာလာက “ မန်စီးတီးနဲ့ အမှတ် ကွာသွားနိုင်တာက နည်းနည်းတော့ ဖိအားခံစားရပါတယ်။ ဒါပေမယ့် အခုချိန်မှာ အဲ့အကြောင်းတွေးဖို့ စောလွန်းသေးတယ်လို့ ထင်တယ်” ဆိုပြီး ဖြေကြားခဲ့ပါတယ်။