နည်းပြ ပက် ထားတဲ့နေရာကနေ ကစားဖို့ အမြဲ အသင့်ရှိနေတဲ့ ကန်ဆယ်လို ရဲ့ ရိုးရှင်းတဲ့စိတ်ထား

မန်စီးတီးရဲ့ ဘယ်စွန် ခံစစ်ကနေ အစွမ်းပြ ကစားနေတဲ့ ကန်ဆယ်လို က နည်းပြ ပက် ဂွာဒီယိုလာ အပေါ် ယုံကြည်မှု အပြည့် ရှိထားပြီး နည်းပြ ထားတဲ့နေရာကနေ အကောင်းဆုံး ခြေစွမ်းပြဖို့ ကြိုးစားကြောင်း သူ့သဘောထား ကို ရိုးရှင်းစွာ ဖွင့်ဟလာပါတယ်။

ပေါ်တူဂီသားဟာ ပက်ဂွာဒီယိုလာရဲ့ ဖန်တီးနိုင်ဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး ညာသန်ဆိုပေမယ့် ဘယ်နောက်တန်းမှာ အံဝင်ခွင်ကျဖြစ်ခဲ့ကာ ကွင်းလယ်အထိ လွတ်လွတ်လပ်လပ် ကစားခွင့်ရခဲ့ပါတယ်။

ကန်ဆယ်လို ဟာ မန်စီးတီးရဲ့ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

“ ကျွန်တော်က နည်းပြ ထားတဲ့ နေရာတိုင်းမှာ လိုက်လျောညီထွေဖြစ်ဖို့၊ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ဖို့ အမြဲကြိုးစားပါတယ်။ အသင်းမှာရှိတဲ့ အရည်အသွေးရှိ ကစားသမားတွေနဲ့ဆိုရင် ကွင်းထဲက ဘယ်နေရာမှာမဆို အံဝင်ခွင်ကျဖြစ်ဖို့ လွယ်ကူပါတယ်။

ကျွန်တော် ဘယ်နေရာကနေ ကစားရမလဲဆိုတာကတာ့ ပွဲအပေါ်မူတည်ပါတယ်။ တချို့ပွဲတွေမှာ နည်းပြက ကျွန်တော့်ကို အတွင်းထဲ ပိုကစားစေပြီး တချို့ပွဲတွေမှာ အပြင်ထွက်ကစားစေတယ်။ ဒါက ပြိုင်ဘက်က ဘယ်လို ဖိအားပေးမလဲအပေါ် မူတည်တာပါ။

အသင်းမှာ ရှိတဲ့ ပထမ ၆ လ အပြီးမှာ ကျွန်တော်ဟာ စွမ်းဆောင်ရည်ပိုင်း ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှုအပြင် ယုံကြည်ပေးတဲ့ နည်းပြနဲ့ အသင်းဖော်တွေရဲ့ ကျေးဇူးကြောင့်ပါ။

သူတို့ကို အရမ်းကျေးဇူးတင်ပါတယ်။ အသင်းက အရည်အချင်းရှိတဲ့ အသင်းဖော်တွေကြောင့် ကိုယ့်ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသဖို့ ပိုလွယ်ကူခဲ့ပါတယ် ” လို့ ကန်ဆယ်လိုက ပြောဆိုခဲ့တယ်။

ဒါ့အပြင် မန်စီးတီးကစားသမားတွေက ဂွာဒီယိုလာအပေါ် ယုံကြည်မှုနဲ့အတူ ဒီရာသီမှာလည်း ဆုဖလားတွေကို စိန်ခေါ်ဖို့ စိတ်အားထက်သန်နေကြောင်း ကန်ဆယ်လိုက ဆိုခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်က ခက်ခဲတဲ့ ပြိုင်ပွဲဆိုတာသိထားပေမယ့် ဒါကို ထပ်မံအောင်မြင်ဖို့ ကြိုးစားသွားမှာပါ လို့ လည်း ကန်ဆယ်လိုက ပြောကြားခဲ့ ပါတယ်။