သွင်းဂိုးတွေ မြိုင်မြိုင်နဲ့ ကြည့်ကောင်းခဲ့ပြီး ၃ဂိုးစီနဲ့ သရေကျခဲ့တဲ့ မန်စီးတီး – ဘာစီလိုနာတို့ရဲ့ ခြေစမ်းပွဲ

ဘာစီလိုနာနဲ့ မန်စီးတီးတို့ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ပုံငွေပွဲစဉ်ကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ဆန်ခဲ့ပြီး ပွဲကောင်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေ ထိပ်တိုက်ရင်ဆိုင်ကြတဲ့ပွဲ၊ ဂွါဒီယိုလာက နူးကမ့်နည်းပြခုံတန်းတွေဆီ ပြန်ထိုင်ရတဲ့ပွဲက အမျိုးအမည်မသိ ခံစားမှုကိုလည်း ပေးစွမ်းခဲ့ပါတယ်။

ခြေစမ်းပွဲဆိုပေမဲ့ နှစ်သင်းစလုံးက အဓိက ကစားသမားတွေကို ထုတ်သုံးခဲ့ပြီး ပွဲကိုမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် ဖန်တီး ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဘာစီလိုနာဟာ တိုက်စစ်ဟာ ဖာရန်တောရက်စ်၊ အူဘာမီယန်၊ ရာဖင်ဟာတို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာ ဒီဂျောင်၊ ဘက်စကွက်စ်၊ ကက်ဆီတို့ကို အသုံးပြုခဲ့ပါတယ်။

နောက်တန်းမှာ အယ်လ်ဘာ၊ ပီကေး၊ ကစားသမားသစ် ခွန်ဒေနဲ့ ရော်ဘတ်တိုတို့ကို ကစားစေခဲ့တာပါ။ မန်စီးတီးက ဖိုဒန်၊ အယ်လ်ဗာရက်ဇ်၊ မာရက်ဇ်တို့ရဲ့ တိုက်စစ်အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ပယ်လ်မာ၊ ဖီးလစ်၊ ဘာနာဒိုဆေးလ်ဗားတို့ကို ကစားစေခဲ့တာပါ။ နောက်တန်းမှာ ဂိုမက်ဇ်၊ ဒီရက်စ်၊ ဝေါ်လ်ကာနဲ့ လီဝစ်တို့ကို အသုံးပြုခဲ့ပါတယ်။

အခြေခံအားဖြင့် ကစားပုံချင်းတူညီတဲ့အသင်းတွေဖြစ်လို့ နှစ်သင်းစလုံးဟာ ပေါ့ပေါ့ပါးပါးနဲ့ ဘောလုံးကိုင်ထားခဲ့ကာ တိုက်စစ်ဖွင့်ကစားခဲ့ကြပါတယ်။ ပွဲအစပိုင်း မိနစ်တွေမှာ အိမ်ရှင်ဘာစီကပွဲကို ပိုမိုစိုးမိုးထားနိုင်ခဲ့ပြီး ပွဲအစ ၄ မိနစ်မှာ အူဘာ ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။

ဘာစီလိုနာကွင်းလယ်လူ ကက်ဆီက ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး ကွင်းလယ်ပိုင်းကို ထိန်းကျောင်းကာ တိုက်စစ် ကိုလည်း ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ဘာစီက တောင်ပံနှစ်ဖက်ကနေ စိတ်ကြိုက်တိုက်စစ်ဆင်း မန်စီးတီးခံစစ်ကြောင်းကို ဖိအားပေးခဲ့ပါတယ်။ အပြန်အလှန်တိုက်စစ်ဆင်မှု ပြုလုပ်ရင်း ၂၁ မိနစ်မှာ မန်စီးတီးတို့ မထင်မှတ်ထားတဲ့ အနေအားကနေ ဂိုးရခဲ့ပါတယ်။

ဂိုမက်ဇ် ဖြတ်တင်ပေးလိုက်တာကို ဘာစီဂိုးသမား ပင်နိုဖမ်းရာမှာလက်ထဲက ချော်ထွက်သွားခဲ့ပြီး ပြန်ကျလာတဲ့ ဘောလုံးကို အသင့်နေရာယူားထားတဲ့ အယ်လ်ဗာရက်ဇ်ကသွင်းယူခဲ့တာပါ။ ဒီပွဲမှာ ပင်နိုရဲ့လက်စွမ်းတွေက စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

ဘာစီလိုနာတို့ချက်ချင်းတိုက်စစ်ဆင်ရာမှာ ၂၉ မိနစ်မှာပဲ အူဘာမီယန်က ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက် နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းက ၁-၁ ဂိုးနဲ့သာ ပြးီဆုံးခဲ့ပါတ်ယ။ ဒုတိယပိုင်းမှာ နှစ်သင်စလုံး လူစာရင်းပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး မန်စီးတီးက ဒီဘရိုင်း၊ ရိုဒရီ၊ ဂန်ဒိုဂန်၊ ဟာလန်းတို့ကို ထည့်သွင်းခဲ့သလို ဘာစီဘက်ကလည်း ဖာတီ၊ ဂါစီယာ၊ ဒီပေး၊ ဂါဗီတို့ကို ထည့်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး တိုက်စစ်ကို လွတ်လွတ်လပ်လပ် ဖွင့်ကစားခဲ့ကြလို့ ပွဲက ပိုမိုမြိုင်ဆိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ခံစစ်ကြောင်းက အားနည်းချက်ကိုယ်စီရှိခဲ့ပါတယ်။ ၆၆ မိနစ်မှာ မန်စီးတီးတို့ နောက်တန်းမှာ လူပေးနေစဉ် ဘာစီက ဖြတ်လုနိုင်ခဲ့ပြီး ဒီဂျောင်က ခေပေဂိုးပြန်သွင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ချက်ချင်းဆိုသလို နောက် ၄ မိနစ်အကြာမှာပဲ ပယ်လ်မာက မန်စီးတီးက ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ ပွဲပြီးခါနီးလေ ကစားအားမကျသွားဘဲ နှစ်သင်းစလုံးတိုက်စစ်ကို လွတ်လွတ်လပ်လပ် ဖွင့်ကစားလေဖြစ်ခဲ့ပြီး ၇၉ မိနစ်မှာ လှပတဲ့ တိုက်စစ်ဆင်မှုကနေ ဒီပေးက ဘာစီအတွက် ၃ ဂိုးမြောက်ကို သွင်းခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ်ခဲ့ရပေမဲ့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ဟာလန်းကြောင့် ရရှိတဲ့ ပင်နယ်တီကို မာရက်ဇ်က သွင်းယူခဲ့ကာ ၃-၃ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။