ဘန်ဇီမာ ကို အားကျကြောင်း ဖွင့်ဟလိုက်ပြီး အောင်မြင်မှုတွေ ရယူဖို့ တာစူနေတဲ့ ဟာလန်းရဲ့ စကားသံများ

မန်ချက်စတာစီးတီးတိုက်စစ်မှူး ဟာလန်းက အင်္ဂလန်မြေမှာ အသားကျဖို့ ကြိုးစားနေတဲ့အကြောင်း နဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာရဲ့ လက်ရှိစွမ်းဆောင်ရည်ပိုင်းက သူ့ကို စိတ်အားတက်ကြွစေတဲ့ အကြောင်းတွေကို အခုလို ထုတ်ပြောလိုက်ပါတယ်။

ဟာလန်းက ရီးရဲလ်မက်ဒရစ်မှာ ဘန်ဇီးမား လုပ်ဆောင်ပြခဲ့တဲ့ပုံစံအတိုင်း သူရဲ့ကစားသမားဘ၀ ဆက်လက် တိုးတက် ကောင်းမွန်လာအောင် လုပ်သွားချင်တဲ့အကြောင်းနဲ့ ကျော်ကြားမှုအရှိန်အဝါတွေကြောင့် ရှေ့ဆက်နိုင်ရေးမှာ အာရုံ ပြောင်းစေဖို့ မရှိဘူးလို့ ပြောဆိုခဲ့တာပါ။

“ရီးရဲလ်မက်ဒရစ်ရဲ့ ဘန်ဇီမာ ကို ကြည့်လိုက်ပါ။ သူက အသက် ၃၄ နှစ်ရှိနေပါပြီ။ ရုတ်တရက် ဆိုသလိုပဲ လွန်ခဲ့တဲ့နှစ်တွေ အတွင်း အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် တိုးတက်လာပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးက တကယ့်ကို ရူးသွပ်လောက်စရာပဲ။

ကျွန်တော့်ရဲ့ခြေလှမ်းတိုင်းမှာ အောင်မြင်မှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေ ယူဆောင်သွားရတယ်။ အကယ်၍ ကျွန်တော် ပြောင်းလဲသွားခဲ့ရင် ကျွန်တော့်အဖေသာမက ကျွန်တော့်ကိုလာပြောမယ့်သူတွေ အများကြီးပဲ” လို့ ဟာလန်းက Four Four Two မဂ္ဂဇင်းနဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုပါတယ်။

ဟာလန်းက ဘန်ဇီမာကို အတုယူသွားမယ်ဆိုရင် မန်စီးတီးပရိသတ်တွေ စိတ်လှုပ်ရှားပီတိဖြာစေမှာ အမှန်ပါပဲ။ ပြင်သစ် လက်ရွေးစင်တိုက်စစ်မှူးက ပြီးခဲ့တဲ့ရာသီ ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်ပွဲတွေ ရယူခဲ့ပြီးနောက် အခုရာသီ ဘော်လွန်းဒီအောဆုကို အနိုင်ရဖို့ ရေပန်းစားနေပါတယ်။

ဟာလန်းကတော့ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးရရှိမှု ပျှမ်းမျှ မိနစ်အချိုး အကောင်းဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ထားပါတယ်။

Opta ရဲ့ မှတ်တမ်းတွေအရ နော်ဝေ လက်ရွေးစင်တိုက်စစ်မှူးက ဥရောပထိပ်တန်းကလပ်အသင်းပြိုင်ပွဲမှာ ၆၄ မိနစ်လျှင် တစ်ဂိုးနှုန်း သွင်းယူနိုင်တယ်လို့ မှတ်တမ်းဝင်ထားပါတယ်။

ဒီညမှာတော့ ချန်ပီယံလိဂ် မဲခွဲပွဲတွေ ပြုလုပ်မှာ ဖြစ်ပြီး မန်စီးတီးဟာ ဘယ်ပြိုင်ဘက်တွေနဲ့ တွေ့ဆုံမလဲ အဖြေထွက်လာတော့မှာပါ။ ဟာလန်းနဲ့ အတူ ဒီရာသီ ဥရောပမှာ စီးတီး ဘယ်အဆင့်ထိ အမြင့်ဆုံး ပျံသန်းနိုင်မလဲ ဆိုတာလည်း ရင်ခုန်ကြရဦးမှာ ဖြစ်ပါတယ်။