အသင်းခေါင်းဆောင် ဖာနန်ဒက်စ် သွင်းဂိုးနဲ့ စိန့်မေရီမှာ အဖိုးတန် ၃မှတ်ပြည့် ရယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည ဆောက်သမ်တန်ကို သွားရောက် ရင်ဆိုင် ကစားရာမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အဝေးကွင်းမှာ နိုင်ပွဲ ရယူခဲ့ပါတယ်။
နည်းပြတန်ဟက်ရဲ့ မန်ယူအသင်း ဟာ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ စီရော်နယ်ဒိုကို ထပ်မံချန်လှပ်ခဲ့ပြီး ရက်ဖို့ဒ်၊ ဆန်ချို၊ ဖာနန်ဒက်စ်နဲ့ အီလန်ဂါတို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာတော့ အဲရစ်ဆင်နဲ့ တွမ်မီနေးတို့ကို အသုံးပြုခဲ့ပါတယ်။
နောက်တန်းမှာ မာလာစီယာ၊ မာတီနက်ဇ်၊ ဗာရန်းနဲ့ ဒါလော့တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ အိမ်ရှင် ဆောက်သမ်တန် ကလည်း ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ချီအဒမ်၊ အမ်းထရောင်း၊ ဝက်ပရောက်စ်၊ ဝေါ်ကာပီတာ၊ ဆာလီဆူတို့ စုဖွဲ့မှုနဲ့ မန်ယူကို ရင်ဆိုင်ခဲ့ပါတယ်။
ပွဲစအပိုင်းမှာ နှစ်သင်းစလုံး အထနှေးနေခဲ့ပြီး ပွဲကအေးစက်စက်နိုင်နေခဲ့ပါတယ်။ ပထမပိုင်းမှာတော့ မန်ယူရဲ့ကစားပုံက လီဗာပးူနဲ့ပွဲတုန်းကနဲ့ ကွဲခြားခဲ့ပြီး အားရစရာမကောင်းခဲ့ပါဘူး။ အထူးသဖြင့် မန်ယူတိုက်စစ်က ဆန်ချိုဘက်ခြမ်းကိုသာ အားပြု ထိုးဖောက်နေရခဲ့ပြီး အီလန်ဂါ၊ ရက်ဖို့ဒ်တို့က ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်နေခဲ့ပါတယ်။
မန်ယူနောက်တန်းကစားပုံက ဒီပွဲမှာ အနည်းငယ်တည်ငြိမ်ခဲ့ပါတယ်။ အထူးသဖြင့် ဒါလော့၊ မာလာစီယာတို့ရဲ့ ခံစစ်ကစားပုံက တည်ငြိမ်ခဲ့ပြီး မာတီနက်ဇ်ကလည်း အားကိုးရခဲ့ပါတယ်။

မာတီနက်ဇ်နဲ့ ဗာရန်းအကြား နားလည်မှု လိုအပ်နေသေးပေမဲ့ မာတီနက်ဇ်ရဲ့တစ်ဦးချင်း စွမ်းဆောင်ရည်ကတော့ အားရစရာပါ။ အရပ်ပုပေမယ့်လည်း ခေါင်းတိုက်ဘောတွေမှာ အားကိုးရပါတယ်။ ပွဲချိန် မိနစ် ၂၀ မှာ မန်ယူတို့ ဂိုးရဖို့ အခွင့်အရေးကောင်းရခဲ့ပြီး အီလန်ဂါ၊ ဖာနန်ဒက်စ်၊ အဲရစ်ဆင်တို့ရဲ့ ၃ ကြိမ်ဆက်တိုက်ကန်ချက်ကို ဆောက်သမ်တန် နောက်တန်းနဲ့ ဂိုးသမားတို့က အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပါတယ်။
မိနစ် ၃၀ လောက်ကစတင်ပြီး ဆောက်သမ်တန်တို့ အရှိန်မြှင့်ကာ ဖိအားပေးကစားလာခဲ့တာ တွေ့ရပါတယ်။ ဆောက်သမ်တန် ဖိလာတဲ့အခါ မန်ယူနောက်တန်း ဟာကွက်တစ်ချို့ ဖြစ်ခဲ့ပါတယ်။ ဆောက်သမ်တန်တို့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ တိုက်စစ်ကစားသမားတွေ အဆုံးသတ်ပိုင်းအားနည်းခဲ့လို့ မန်ယူ သက်သာရာရခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မန်ယူတို့ ပိုမိုဖိအားပေးကစားလာခဲ့ပြီး အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ၅၄ မိနစ်မှာ လှပတဲ့ တိုက်စစ် တွဲလုံးကနေ ညာခြမ်းက ဒါလော့ ဖြတ်ချိုးပေးတာကို ဒီပွဲမှာ ခြေမပေါ်ဖြစ်နေတဲ့ ဖာနန်ဒက်စ်က အပြေးပိတ်သွင်းပြီး မန်ယူအတွက် လိုအပ်နေတဲ့ ချေပဂိုးကို ရယူပေးခဲ့ပါတယ်။

ဦးဆောင်ဂိုး ပေးလိုက်ရပြီးနော်က အိမ်ရှင်ဆောက်သမ်တန်တို့ဟာ ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး မန်ယူနောက်တန်း ကလည်း အာရုံစူးစိုက်မှုအပြည့်နဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆောက်သမ်တန်တို့ ချေပဂိုးရဖို့ အပိုင်အခွင့်အရေး ရခဲ့ပေမဲ့ ရိုမီအိုရဲ့ ခေါင်းတိုက်ကန်ချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့ပြီး ပြန်လျှံထွက်လာတာကို ဝေါ်လ်ကာပီကာ ထပ်မံ ခေါင်းတိုက်ရာမှာ မိုးပေါ်ထောင်သွားခဲ့ပါတယ်။
အဲဒီနောက် မန်ယူဟာ ဆန်ချိုအစား စီရော်နယ်ဒိုကို ထည့်သွင်းပြီး အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ ဆောက်သမ်တန် ကပဲ ပွဲကိုစိုးမိုးကာ ဖိအားပေးကစားခဲ့ြ့ပီး မန်ယူက ကက်စမဲရိုးကိုပါထပ်ထည့်ကာ ခံစစ်ကို အာရုံစိုက်ခဲ့ပါတယ်။ မန်ယူတို့ ပွဲပြီး ဆုံးချိန်အထိ အနိုင်ဂိုးကို ထိန်းသွားခဲ့ကာ နှစ်ပွဲဆက် နိုင်ပွဲကို ဖန်တီးခဲ့ပါတယ်။
