ဟာလန်း ဟက်ထရစ်သွင်းတဲ့ ပွဲမှာ ဘယ်ဂိုးက အကောင်းဆုံးလဲ ရွေးထုတ်လိုက်ပြီး ပက် ချီးကျူးစကား ဆို

မန်စီးတီး တိုက်စစ်မှုး ဟာလန်း ကတော့ စနေနေ့ညက ပွဲမှာ ခရစ္စတယ် ပဲလေ့စ်အသင်းကို အနောက်ကနေ လိုက်ကစားပြီး အနိုင်ရတဲ့ပွဲစဉ်မှာ မန်စီးတီးကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းဟာ ပဲလေ့စ်အသင်းကို ၂ ဂိုးနဲ့ အရေးနိမ့်နေရာကနေ လိုက်ကစားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဟာလန်းကတော့ ပရီးမီးယားလိဂ် ပထမဆုံးရာသီ ၄ ပွဲကစားအပြီးမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။ဂိုးသွင်း စွမ်းရည်မြင့်မားတဲ့ ဟာလန်းကတော့ သူ့ရဲ့မှတ်တမ်းကောင်းကို ပရီးမီးယားလိဂ်မှာလည်း ဆက်လက် ထိန်းသိမ်းချင်နေတာဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာက “သူ့ဘဝတစ်လျှောက်လုံး ဆဲလ်ဘတ်မှာရော သူရောက်ခဲ့တဲ့နေရာတိုင်းမှာ ဂိုးတွေသွင်းထားပြီးပါပြီ။ ပဲလေ့စ်တို့လို ခံစစ်ကို အလွန်အကျွံ ဆော့တဲ့အသင်းနဲ့ဆို ကျွန်တော်တို့ ရုန်းကန်ရပါတယ်”

“ဒါပေမယ့် သူဟာ မယုံနိုင်လောက်စရာ ကောင်းတဲ့ ဂိုးသွင်းစွမ်းရည်ရှိတယ်။ အထူးသဖြင့် နောက်ဆုံးသွင်းတဲ့ ဂိုး လိုမျိုးပေါ့။ ဒါပေမယ့် ပထမဂိုးရော သွင်းဂိုးအားလုံးက ကောင်းပါတယ်”

“သူ့အတွက် ကိန်းဂဏန်းတွေက ကျော်လွန်သွားပါပြီ။အရေးကြီးဆုံးက သူဟာ ပြီးပြည့်စုံစွာ အခြေကျခဲ့ပြီး မယုံနိုင် လောက်အောင် နှိမ့်ချတဲ့ ကောင်လေးပါ။ သူဟာ ချစ်ဖို့ကောင်းတဲ့သူပါ”

“သူဟာ အကယ်ဒမီက ကောင်လေးတွေနဲ့လည်း စကားတွေအများကြီးပြောတယ်။ ကျွန်တော်တို့နဲ့ အတူတူရှိနေချိန် သူ ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။