ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ အတူ သွင်းဂိုးတွေ မိုးလိုရွာပြီး ဘုရင်တစ်ဆူ ဖြစ်လာတဲ့ အာလင်းဟာလန်း
ပရီးမီးယားလိဂ်မှာ ဟာလန်းရဲ့ လွှမ်းမိုးမှု စတင်နေပြီ ဖြစ်တယ်။ ဘွန်ဒက်လီဂါမှာပဲ ခြေစွာတဲ့ ကောင်လေးပါကွာ .. ပရီးမီးယားလိဂ်မှာဆို တိုးမပေါက်ပါဘူးဆိုတဲ့ ကဲ့ရယ်မှုတွေကို နော်ဝေသားက သွင်းဂိုးတွေနဲ့ပဲ သက်သေပြပြီး ပါးစပ်ပိတ်စေနေပြီ ဖြစ်ပါတယ်။
တဦးချင်း ရုန်းအား၊ ပြေးအား၊ ရဲရင့်ပြတ်သားမှု၊ နေရာယူပုံသေသပ်မှု၊ အဆုံးသတ်သေချာမှုတွေနဲ့အတူ နှစ်ပွဲဆက် ဟက်ထရစ်တောင် ရယူပြလိုက်တယ်။ ပွဲကြည့်ရင်း တွစ်တာမှာ မှတ်တမ်းတခု တက်လာတာလည်း တွေ့လိုက်တယ်။ ပရီးမီးယားလိဂ် ဟက်ထရစ် ၂ ကြိမ်ကို အမြန်ဆုံး ရယူနိုင်သူ စာရင်းတဲ့။
ဒမ်ဘာဘား၊ ဖာနန်ဒို တောရက်စ်တို့ပါတဲ့ အဲဒီစာရင်းထဲမှာ ထိပ်ဆုံးက ကစားသမားတောင်မှ ဟက်ထရစ် ၂ ကြိမ်ရဖို့ ပွဲ ၂၀ လောက် ခြားတာ တွေ့ရတယ်။ ဟာလန်းက ၂ ပွဲတည်းပါ။ ဟုတ်ပါတယ်။ ၂ ပွဲတည်းနဲ့ပဲ စံချိန် မှတ်တမ်းကောင်း တခု ရယူပြလိုက်တယ်။
ဒီပွဲမှာ သူ့ရဲ့ ပထမဆုံးသော ထိချက်မှာတင် တဂိုး ဖြစ်ခဲ့တယ်။ ဘယ်ခြေနဲ့ပိတ်သွင်းသွားပုံဟာ အားပါသေသပ်လှပြီး လက်စွမ်းပြနေပါတယ်ဆိုတဲ့ ဒင်းန် ဟန်ဒါဆန်တယောက် ဘာမှ မတတ်နိုင်ခဲ့ဘူး။ အဲဒီနောက် စတုန်းစ်ရဲ့ ခေါင်းတိုက်ချပေးမှုကနေ ထပ်ဆင့်ခေါင်တိုက်ပြီး ဒုတိယဂိုး၊ အဲဒီနောက် ညာခြေပိတ်သွင်းမှု တခုနဲ့ တတိယဂိုး။ ပွဲချိန် ၃၈ မိနစ်အတွင်း ၃ ဂိုးဆိုတာ မလွန်လွန်းဘူးလား မိတ်ဆွေ။
ဒါဟာ ဟာလန်း ဖြစ်ပါတယ်။ နော်ဝေတို့ရဲ့ နောက်ဆုံးပေါ် ဂိုးသွင်းစက်တလုံး ဖြစ်ပါတယ်။ မန်စီးတီးလို ကမ္ဘာ့အဆင့် အသင်းဖော်တွေနဲ့ ဝန်းရံထားတဲ့အသင်းမှာ သူ့အတွက် ထိချက်များများ မလိုဘူး၊ ကစားကွက်ထဲ ပါဝင်ပတ်သက်ဖို့ သိပ်မလိုဘူး၊ သူ့ခြေထဲသာ ဘောလုံးထည့်ပေးလိုက်ပါ။ သွင်းဂိုးတွေ ဖြစ်လာစေမဲ့ ပြိုင်ဘက်တိုင်းအတွက် မယှဉ်ဝံ့တဲ့ Terminator စက်ရုပ်တရုပ် ဖြစ်ပါတယ်။
ပထမပိုင်းဟာ ဟော်လန်းရဲ့ပွဲဆိုရင် ဒုတိယပိုင်းကတော့ အာဂျင်တိုင်းသားလေး ဂျူလီယန် အယ်ဗာရက်ဇ်တယောက် အသုံးတော်ခံတဲ့ အလှည့် ဖြစ်ခဲ့ပါတယ်။ အသံတိတ်တိတ်နဲ့ပဲ ပက်ရဲ့ အားထားရသူဖြစ်နေတဲ့ တိုက်စစ်မှူးလေးဟာ စီးတီးအတွက် နောက်ထပ် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့သလို ကန်ဆယ်လိုကလည်း တဂိုးထပ်သွင်းပြီး ၆ ဂိုး ပြတ်စေခဲ့ပါတယ်။
ဖောရက်စ်တို့ကတော့ ဒီနေ့ပွဲမှာ ဘာမျှ လုပ်မပြနိုင်ခဲ့ဘဲ စီးတီးတိုက်စစ်ကို တားဆီးရင်း၊ ဂိုးတွေ ခွင့်ပြုရင်းနဲ့သာ အချိန်ကုန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုပွဲမျိုးမှာ မန်စီးတီးရဲ့ နည်းစနစ်ပိုင်းနဲ့ပတ်သက်လို့ အထွေအထူး ပြောနေစရာတောင် မလိုတော့ပါဘူး။ ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ ရင်ခုန်ခံရတဲ့ပွဲ၊ ဟာလန်း အရည်အသွေးတွေကို ထပ်မံမြည်းစမ်းခွင့်ရခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ ဒါတောင် ပက်ရဲ့ ကစားကွက်ထဲမှာ သိပ်အသားမကျသေးတဲ့ ဟာလန်း ဖြစ်နေလို့သာ။ အသားကျသွားချိန်ကျရင် ဟာလန်းနဲ့ မန်စီးတီး၊ မန်စီးတီးနဲ့ ဟာလန်း အတွဲအဖက်ဟာ ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး အစုအဖွဲ့တခု ဖြစ်လာမှာ သေချာနေပါတော့တယ်။