ဥရောပရဲ့ အကောင်းဆုံးတစ်သင်းဆီ ပြောင်းလာရလို့ ပျော်ရွှင်နေပါတယ် ဆိုတဲ့ မန်စီးတီး နောက်ခံလူသစ် အကန်ဂျီ

မန်စီးတီး အသင်းဟာ ဒေါ့မွန်အသင်းမှ ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီကို ယူရို(၁၇.၅)သန်းဖြင့် ခေါ်ယူနိင်ခဲ့ပြီ ဖြစ်ကြောင်း ဒီနေ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။ အကန်ဂျီဟာ စီးတီးနဲ့အတူ (၅)နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

နည်းပြဂွာဒီယိုလာအနေနဲ့ အပြောင်းအရွေ့ မပိတ်ခင် အမှီ ဒီနေ့ နောက်ဆုံးရက်မှာ ဒီရာသီ အားနည်းနေတဲ့ ခံစစ်ကြောင်းကို အကန်ဂျီနဲ့ အင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာ ဗဟိုနောက်ခံလူတွေအဖြစ် ဂျွန်စတုန်း၊ နသန်အကီ ၊ ရူဘင်ဒီယက်စ် နဲ့ လာပေါ့တ် တို့ ရှိနေပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဂိုးတွေ လွယ်လွယ်ခွင့်ပြုပေးနေရတဲ့အပေါ် နည်းပြ ဂွါဒီယိုလာအနေနဲ့ စိတ်ပျက်နေတာပဲ ဖြစ်ပါတယ်။

ဆွစ်ဇာလန်သား နောက်ခံလူ အကန်ဂျီဟာ ဖာနန်ဒင်ဟိုရဲ့ ကျောနံပါတ် ၂၅ ကို ဝတ်ဆင်သွားမယ့်လို့ သိရပါတယ်။ အသင်းသစ် မန်ချက်စတာစီးတီးနဲ့ ပတ်သတ်ပြီး အကန်ဂျီက အခုလို ရင်ခုန်စွာ မိတ်ဆက်စကား ဆိုသွားခဲ့ပါတယ်။

“မန်ချက်စတာစီးတီး အသင်းက ပြီးခဲ့တဲ့ရာသီ အနည်းငယ်အတွင်း ဥရောပရဲ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်ခဲ့ပါတယ်။ သူတို့တွေက ကြည့်ရှုသူတွေကို ဖျော်ဖြေမှုရသပေးပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကိုယ်ပိုင်ဟန်နဲ့ ကစားနေတဲ့ အသင်းပါ။

ပြီးတော့ နှစ်တိုင်းဆုဖလားတွေကို စိန်ခေါ်တဲ့အသင်းဖြစ်တာကြောင့် ဒီကိုလာခဲ့တာ၊ ဒီမှာ ကျွန်တော့်ဘဝအတွက် ပြီးပြည့်စုံတဲ့ အဆင့်ကို တက်လှမ်းမယ့်ခြေလှမ်းတစ်ခု ဖြစ်မယ်လို့ ခံစားရပါတယ်။ ပက် ဂွါဒီယိုလာဟာ အရည်အချင်း ပြည့်ဝပြီး ထူးခြားတဲ့ နည်းပြတစ်ယောက်ပါ။

ပြီးတော့ စီးတီးဆိုတာလည်း အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေနဲ့ စုစည်းထားတဲ့အသင်းဖြစ်လို့ ဒါက ကျွန်တော့်အတွက်တော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အခွင့်အရေးပါပဲ။

ပရီးမီးယားလိဂ်ပွဲတော်တော်များများကိုကြည့်ဖြစ်ပါတယ်။ အထူးသဖြင့်စီးတီးပွဲတွေကိုပေါ့။ ဘာလို့လဲ ဆိုတော့ သူတို့က မကြာသေးမှီနှစ်အတွင်း ချန်ပီယံ ဆုတွေကို ရယူထားနိုင်တဲ့အသင်းဖြစ်နေလို့လေ။ စီးတီးရဲ့ကစားတဲ့ပုံနဲ့ အသင်းလိုက် ကစားဟန်ကို ကျွန်တော် တကယ်ကြိုက်တယ်။ အဲ့ဒီ ကစားကွက်ထဲမှာ ကျွန်တော် လုံးဝ အံဝင်နိုင်မယ်လို့လည်း ယုံကြည်ချက် ရှိပါတယ်။” လို့ အကန်ဂျီက ပြောဆိုသွားခဲ့ပါတ်။