ဗီလာပါ့ခ်မှာ လိုအပ်ချက်တွေနဲ့ အတူ သရေ ရလဒ်ပဲ ယူနိုင်ခဲ့ခြင်း | အက်စတွန်ဗီလာ ၁-၁ မန်စီးတီး

မန်ချက်စတာစီးတီးဟာ မနေ့ညက ဗီလာပါ့ခ်မှာ အိမ်ရှင် အက်စတွန်ဗီလာ ကို အနိုင်မယူနိုင်ခဲ့ဘဲ ၁-၁ သရေ ရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ထိုပွဲမှာ မန်စီးတီးဘက်က ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ကန်ဆယ်လို၊ ရူဘင် ဒီယက်စ်နဲ့ ဂျွန်စတုန်းစ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ အထိုင်ချခဲ့ကြသလို တိုက်စစ်မှာတော့ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဟားလန်းတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် အက်စ်တန်ဗီလာတို့ကတော့ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ မင်းစ်၊ ကွန်ဆာ၊ ကတ်ရှ်နဲ့ ဒီညာတို့ကို ပွဲထွက်စေခဲ့သလို ကွင်းလယ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ကာမာရာနဲ့ မက်ဂင်းတို့ကို စုဖွဲ့ခဲ့ပြီး တိုက်စစ်မှာတော့ ဝပ်ကင်းစ်၊ ရမ်ဆေးနဲ့ ဘိုင်လီတို့ကို အသုံးပြုလာခဲ့တာပါ။

ပွဲအစ ၄ မိနစ်မှာကတည်းက ဟားလန်းကို ပေးလိုက်ရင် တစ်ခုခုဖြစ်လာနိုင်တဲ့ ဘောလုံးကို တစ်ယောက်တည်း ကန်ပစ်တဲ့ ညာနောက်ခံလူ ဝေါ်လ်ကာရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို မြင်ခဲ့ရသလို ဒီနေ့မှာ စီးတီးတို့ရဲ့ မပိုင်ဘဲ ကန်တဲ့ အလုံးတွေ များနေခဲ့တာဖြစ်ပြီး ဖန်တီးမှုနဲ့ ကြံ့ခိုင်မှုတွေက ဗီလာနောက်တန်းကို ကျော်နိုင်တဲ့ အဆင့်မှာ မရှိခဲ့တာဖြစ်ပါတယ်။

ညာခြမ်းက ဘာနာဒို ဆေးလ်ဗား ပွဲပန်းသလိုဖြစ်နေခဲ့တာကြောင့် စီးတီးတို့အနေနဲ့ ဖိုဒန်ဘက်က အဓိက ဖောက်နေ ခဲ့ရပြီး ဒီဘရိုင်းနားလည်း သူ့ကို ကူမယ့်သူ ကောင်းကောင်းမရှိတာကြောင့် အနည်းငယ် ရုန်းကန်နေရသလို ဒါက ဟားလန်းကို နံပါတ် ၉ မှာ ဂိုးသွင်းဖို့ ထားချင်တဲ့အတွက် စီးတီးတို့ရဲ့ ပေးဆပ်ရမှုဖြစ်ခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိ သရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းစပြီး ၅ မိနစ်မှာတော့ မန်စီးတီးတို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာနာဒို ဆေးလ်ဗား ထိုးပေးတဲ့ ဘောလုံးကို ဒီဘရိုင်းနားက ဖြတ်တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်မှာ လွတ်နေတဲ့ ဟားလန်းက ခေါင်းပေါ်ကျော်ကျလာလို့ အငိုက်မိသွားတဲ့ ဗီလာခံစစ် အကြောင်မိနေတုန်း ပြေးပြေးလွှားလွှားပဲ ပိတ်သွင်း ယူသွားခဲ့တာ ဖြစ်ပါတယ်။

ဟားလန်းအတွက်တော့ ၆ ပွဲကစားအပြီးမှာ ပရီးမီးယားလိဂ်ရဲ့ ၁၀ ဂိုးမြောက်ကို ရရှိခဲ့တာဖြစ်ပြီး ဒီဂိုး ပေးလိုက်ရ အပြီးမှာတော့ ရှေ့ပွဲတွေကနဲ့ မတူဘဲ စုစည်းမှု ပြန်ပေါ်လာတဲ့ ဗီလာတို့ ပြန်လည်ထိုးဖောက်နေခဲ့သလို ရမ်ဆေး လွတ်ထွက်သွားတာကို စီးတီးဂိုးသမား အီဒါဆန်က သူ့ခြေထဲက မနည်း ပိတ်ဆို့ခဲ့ရပြီး ညာခြမ်းက လီယွန် ဘိုင်လီ ကလည်း အတော်လေး ဒုက္ခပေးလာခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာ ဟားလန်းရဲ့ ကန်ချက်က ဂိုးသမားတည့်တည့်ပဲ ရောက်ခဲ့သလို ၆၇ မိနစ်မှာတော့ နော်ဝေသားကြောင့် ရတဲ့ ဖရီးကစ်ကို ဒီဘရိုင်းနား ကန်ရာမှာ ဘားထိထွက်သွားခဲ့လို့ စီးတီးတို့ ဂိုးထပ်ရဖို့ ခက်နေခဲ့ပြီး တစ်မိနစ်မှာအကြာမှာ ဟားလန်းပဲ ကန်ပေမယ့် မာတီနက်ဇ် ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ အိမ်ရှင် ဗီလာတို့ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခြေလေးနေတဲ့ ရိုဒရီဆီက လွတ်လာတဲ့ ဘောလုံးကို ရမ်ဆေးက ဘယ်ခြမ်းတောက်လျှောက် ပြေးဝင်ပြီး အနိမ့်ဘော ချိုးပေးတာကို ဧရိယာအတွင်းမှာ ရှိနေတဲ့ ဘိုင်လီက ဒီပွဲ ပထမဆုံး အကြိမ် ဂိုးပေါက် ကန်မှုအဖြစ် အမြန် ကန်သွင်းခဲ့ရာမှာ အီဒါဆန် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ စီးတီးတို့ဘက်က ဘာနာဒို ဆေးလ်ဗားအစား မာရက်ဇ်၊ ဝေါ်လ်ကာအစား အာကေတို့ကို လူစားလဲခဲ့ပြီး ပုံစံ ပြောင်းကစားခဲ့ပေမယ့် ဂရီးလစ်ရှ်နဲ့ အဲလ်ဗာရက်ဇ်တို့လို ကစားသမားတွေနဲ့ တိုက်စစ်မြှင့်ဖို့ကိုတော့ ပျက်ကွက်ခဲ့တဲ့အတွက် နောက်ဆုံးမှာ အနိုင်ဂိုး မရတော့ပါဘူး။

ပွဲပြီးချိန်မှာတော့ ဗီလာပါ့ခ်မှာ စီးတီးတို့ သရေရလဒ်သာ ရယူနိုင်ခဲ့ပြီး ၆ ပွဲကစား ၄ ပွဲနိုင် ၂ ပွဲသရေ၊ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေရပါတယ်။