GOAT နဲ့ နာမည်ကျော်တွေထက် သာပြလိုက်တဲ့ ဟာလန်း၊ မှော်ဆရာ ဖိုဒန်၊ ဥရောပဂိုး စရတဲ့ ဒီယက်စ်နဲ့ ဆီဗီလာ ဝ-၄ မန်စီးတီး ပွဲမှ ပြောစရာ အချက်များ

မန်ချက်စတာစီးတီးကတော့ ညက စပိန်မြေမှာ သွားရောက် ရင်ဆိုင်တဲ့ ဆီဗီလာနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကတော့ ၄-ဝ နဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲက မှတ်မှတ်ရရ ပြောစရာ အချက်တွေကတော့ ဒီလိုပါ။

နာမည်ကျော်နဲ့ GOAT တွေ မရခဲ့တဲ့ စံချိန်ရှင် ဟာလန်း

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ဒီနေ့မှာ သူ့ရဲ့ ဂိုးသွင်းမုဆိုးပီသတဲ့ နေရာယူမှု၊ ကြိုးစား အားထုတ်မှုတွေနဲ့ သွင်းဂိုး နှစ်ဂိုးကို အဝေးကွင်း ဆန်ချက်ပစ်ဟွမ်မှာ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ မှတ်တမ်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့လို GOAT တွေကို ကျော်ဖြတ်သွားခဲ့တာပါ။

ချန်ပီယံလိဂ် ပထမဆုံး ပွဲ ၂၀ မှာ နော်ဝေသား က စံချိန်တင် ၂၅ ဂိုးမြောက်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီအချိန်မှာ မြို့ခံပြိုင်ဘက် မန်ယူရဲ့ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းက ၁၆ ဂိုး၊ ရီးရဲလ်ရဲ့ ကာရင်မ် ဘင်ဇီးမားက ၁၁ ဂိုး၊ မက်ဆီက ၈ ဂိုးနဲ့ ရော်နယ်လ်ဒိုကတော့ တစ်ဂိုးမှ ရရှိမထားခဲ့တာလည်းဖြစ်ပါတယ်။

မှော်ဆရာလေး ဖိုဒန်

ဒီရာသီမှာ သိသိသာသာ တိုးတက်လာသူတစ်ဦးကတော့ ဖီးလ် ဖိုဒန်ပဲဖြစ်ပြီး ဟားလန်းနဲ့ နေရာလုမှုကိုလည်း နည်းပြ ဂွါဒီယိုလာက အဖြေရှာပေးနိုင်ခဲ့လို့ သူတို့နှစ်ဦးကြားမှာလည်း ချစ်ကြည်ရေးရရှိထားခဲ့တာပါ။ ဒီနေ့ပွဲမှာတော့ အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို ဟားလန်းကို ပေးဖို့ လိုက်ရှာပြီးမှ နော်ဝေသား လူကျွံနေခဲ့ချိန်မှာ သူ့ကို လိုက်လံတားဆီးတဲ့ ဆီဗီလာကွင်းလယ်ကစားသမား ဂူဒယ်လ်ကို နှစ်ကြိမ် လိမ်ခေါက်ပြီးမှ သူ့ခြေထောက်ကြားက ကန်သွင်းခဲ့ရာမှာ အစဉ်သတိရှိလှပါတယ်ဆိုတဲ့ မော်ရိုကိုဂိုးသမား ဘိုနို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

အာကန်ဂျီ ရဲ့ လှပတဲ့ အဖွင့်

ဒီနေ့ ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ယုံယုံကြည်ကြည် နေရာပေးခံရပြီး စတင်ကစားခွင့်ရသူကတော့ ဒေါ့မွန်က ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ မန်နူရယ်လ် အာကန်ဂျီပဲဖြစ်ပါတယ်။ အသင်းရဲ့ ခံစစ်မှာ ဂျာအို ကန်ဆယ်လို၊ ရူဘင် ဒီယက်စ်တို့နဲ့အတူ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး သူနဲ့အတူ လူသစ် ဘယ်နောက်ခံလူ ဆာဂျီ ဂိုမက်ဇ်ကလည်း ပွဲအစကနေ စတင်ကစားခွင့် ပထမဆုံး ရရှိခဲ့တာပါ။ ဆွစ်ဇာလန် ဗဟိုနောက်ခံလူအနေနဲ့ ဆီဗီလာတို့ရဲ့ တိုက်စစ်တွေကို ပေါ်တူဂီသားတွေနဲ့အတူ တွဲဖက်ရိုက်ချိုးနိုင်ခဲ့ပြီး သက်တောင့်သက်သာ ကစားဟန်နဲ့ Clean Sheet တစ်ပွဲကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သလို သူ့အတွက် ပေါင် ၁၇ သန်းသာ ကုန်ကျခဲ့တာကတော့ ပြိုင်ဘက်တွေရဲ့ တန်ဖိုးကြီးဂျင်းတွေကို လှောင်ပြောင်ချင်စရာလည်းဖြစ်ခဲ့ပါတယ်။

ပက်ပ်ရဲ့ ပြီးပြည့်စုံတဲ့ နိုင်ပွဲ

လေးဂိုးသွင်းတယ်၊ တစ်ဂိုးမှ ပြန်မပေးရဘူးဆိုတာ နည်းပြ ပက်ပ် ဂွါဒီယိုလာအတွက်တော့ ပြီးပြည့်စုံတဲ့ နိုင်ပွဲဖြစ်ပါတယ်။ တကယ်တော့ စပိန်သားကြီးက သုံးဂိုးကတည်းက ကျေနပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ လူငယ်တိုက်စစ်အတွဲဖြစ်တဲ့ ဖိုဒန်နဲ့ ဟားလန်းကို ချက်ချင်းလဲပစ်ခဲ့သလို လာမယ့် စပါးစ်နဲ့ ပွဲအတွက် လန်းဆန်းနေဖို့ နော်ဝေသားရဲ့ ဟက်ထရစ်ရခွင့်ကိုတောင် ပယ်ချခဲ့တာပါ။ ဟားလန်းရဲ့ ဒီရာသီ ၈ ပွဲမှာ ၁၂ ဂိုးဆိုတာက ဆရာပက်ပ်အတွက်တော့ ချိုမြိန်လွန်းနေပြီဖြစ်သလို လာမယ့် စပါးစ်ကို တီးပြီး ပရီးမီးယားလိဂ်ချန်ပီယံ ကာကွယ်မှုကို ပိုမိုခိုင်မာစေဖို့ပဲ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဂိုး စတင်ရရှိခဲ့တဲ့ ဒီယက်စ်

နောက်ခံလူ ရူဘင် ဒီယက်စ် အတွက် ဒီပွဲမတိုင်ခင်အထိ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ၁၉ ပွဲနဲ့ အသင်းဟောင်း ဘင်ဖီကာနဲ့ ၁၃ ပွဲ၊ စုစုပေါင်း ချန်ပီယံလိဂ် ၃၂ ပွဲမှာ တစ်ဂိုးမှ ရမထားသေးတာတော့ နည်းနည်း ကံခေခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၆ ရာသီကို ကုန်ဆုံးခဲ့ပြီးတဲ့ အသက်၂၅ နှစ်အရွယ် ပေါ်တူဂီသားဟာ ဒီနေ့မှာတော့ ၇ ရာသီမြောက် အဖွင့်ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြီး နောက်ခံလူတွေရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက် သွင်းယူမှုမျိုး မဟုတ်ဘဲ လက်ရွေးစင်အသင်းဖော် ကန်ဆယ်လိုရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို တိုက်စစ်မှူးတစ်ယောက်လို တစ်ဖက်ခံစစ်မှူးတွေကြားက နေရာယူ ပိတ်သွင်းပြသွားခဲ့တာကတော့ ထူးခြားမှုလည်းဖြစ်ခဲ့တာပါ။