တစ်ပွဲပြီးတိုင်း ဟာလန်း အကြောင်းတွေ ပြောရတော့တာပဲ လို့ ရယ်မောပြောဆိုသွားခဲ့တဲ့ ပက် ဂွာဒီယိုလာ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တစ်ပွဲဖြစ်တဲ့ ပြီးခဲ့တဲ့ညမှာ မန်စီးတီး အသင်းနဲ့ ဆီဗီလာအသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်စီးတီးအသင်းက ၄ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာကတော့ တစ်ပွဲ ပြီးတိုင်း ဟာလန်း အကြောင်း ပြောနေရတာပဲ လို့ ရယ်မော မှတ်ချက်ပေးခဲ့တဲ့ အပြင် အဓိက တိုက်စစ်မှုး ဟာလန်း အနေနဲ့ ဆက်တိုက် ဂိုးတွေ သွင်းယူပေးနိုင်ဖို့ လိုတဲ့အကြောင်း ပွဲအပြီးမှာ တွန်းအား ပေးလိုက်ပါသေးတယ်။

ဟာလန်းက ဆီဗီလာအသင်းကို ၄-၀ နဲ့အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းခေါင်းဆောင် ကီဗင်ဒီဘရိုင်းရဲ့ ဖန်တီးမှုကို ပိတ်သွင်းကာ မန်စီးတီးအသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ဖိုဒန်ရဲ့ကန်ချက်ကို ဆီဗီလာဂိုးသမား ပုတ်ထုတ်ဟန့်တားရာမှ လျှံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူခဲ့ပါတယ်။ ဒါကြောင့် ဒီရာသီစတင်လို့ ၇ပွဲကစားအပြီးမှာပဲ ဟာလန်းဟာ ၁၂ဂိုး အထိ သွင်းယူထားခဲ့တာပါ။

ဆီဗီလာအသင်းဘက်ကို ၂ဂိုး သွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပွဲ ၂၀ ကစား ကာ သွင်းဂိုး ၂၅ဂိုးအထိ သွင်းယူထားနိုင်တဲ့ မှတ်တမ်းကို ရေးထိုးထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာပါ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူထားနိုင်ခဲ့တဲ့ ဟာလန်းနဲ့ ပက်သက်လို့ ပွဲပြီး ရှင်းလင်းပွဲမှာ မန်စီးတီးအသင်းရဲ့နည်းပြ ပက်ဂွာဒီယိုလာက အခုလို မှတ်ချက်ပေးခဲ့တာပါ။

“အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွေ ရောက်တိုင်း ဟာလန်းရဲ့ သွင်းဂိုးတွေ အကြောင်းပဲ ပြောနေရတာက တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ နောက်ထပ် လာမယ့်သီတင်းပတ်တွေမှာ ကစားရမယ့်ပွဲစဉ်တွေမှာလည်း သူ့အနေနဲ့ ယခုလိုမျိုး သွင်းဂိုးတွေ ဆက်လက်သွင်းယူနိုင်စေချင်ပါတယ်။ ဆီဗီလာအသင်းကို လည်း ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့အပြင် သူက ပြိုင်ဘက် ဂိုးဧရိယာနားမှာ ရှိတာဟာ ကျွန်တော်တို့ကို ဂိုးရစေဖို့ ယုံကြည်မှု ရှိနေစေပါတယ်”

“ကျွန်တော်တို့ ဘောလုံးပေးပို့မှုတွေ များများပြုလုပ်ပေးနိုင်ဖို့ လိုပါတယ်။ ကစားသမားတွေအနေဖြင့် သူ့ဆီကို ဘောလုံးမျှောပေးနိုင်ဖို့ရန် တစ်ခါတစ်လေမှာ ဆန္ဒစော အလျင်လို နေတတ်တာမျိုးတွေ ရှိပေမဲ့ ကောင်းမွန်တဲ့ ဖန်တီးမှုတွေ ပိုမိုပြုလုပ် ပေးနိုင်ဖို့ လိုပါသေးတယ်” လို့ ဂွာဒီယိုလာက သုံးသပ်ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။