မန်ချက်စတာမြို့ထဲတောင် အေးဆေးသွားလာလို့ မရအောင် ဟာလန်းကို နှောင့်ယှက်တဲ့ မန်ယူပရိသတ်

မန်စီးတီး တိုက်စစ်မှုး ဟာလန်းဟာ မန်ချက်စတာမြို့ထဲတောင် အေးဆေး သွားလာလို့ မရဘဲ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက နှောင့်ယှက်မှုတွေ ရှိနေတယ် လို့ သိရပါတယ်။

ဟာလန်းဟာ ဂရိတ်မန်ချက်စတာဒေသက Chapel လမ်းထဲ လမ်းလျှောက်လာချိန်မှာ မန်ယူနိုက်တက် ပရိသတ်တယောက် က ဟာလန်းကို တွေ့တာနဲ့ ကတ်သီးကတ်သတ်ဖြစ်ရအောင် အနှောင့်အယှက်ပေးခဲ့ကြောင်း သိရှိရပါတယ်။

ထို မန်ချက်စတာ ယူနိုက်တက် ပရိသတ်က ဟာလန်းကိုမြင်တွေ့ချိန်မှာ “မင်းက မန်ချက်စတာရဲ့ မှားယွင်းတဲ့ဘက်ကို ရောက်သွားတာပဲ” လို့ အော်ဟစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟာလန်းက တည်တည်ငြိမ်ငြိမ်နဲ့ပဲ “သူတို့တွေလည်း ဒီမှာ ငါ့ကိုချစ်ကြပါတယ်” လို့ ပြန်လည် တုံ့ပြန်ခဲ့တာကို ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေကတဆင့် မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ထို ပရိသတ်က မကျေနပ်နိုင်သေးဘဲ ဟာလန်းကို “လာမယ့်ရာသီကျရင် မင်း ငါတို့ ယူနိုက်တက်ဆီ လာခဲ့စမ်းပါ။ ဘာတွေဖြစ်မလဲဆိုတာ မင်းလည်းသိပါတယ်။ ငါတို့ဆုံကြတာပေါ့” လို့ ထပ်မံပြောကြားသွားခဲ့ပါတယ်။

ဟာလန်းဟာ မန်စီးတီးကိုမရောက်ခင်က ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားတွေထဲက တယောက်ဖြစ်ခဲ့ပါတယ်။ နော်ဝေ လက်ရွေးစင်ကြယ်ပွင့်က ပြီးခဲ့တဲ့နွေရာသီမရောက်ခင်မှာပဲ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး အခုချိန်မှာတော့ ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက်အသင်းအတွက် တော်တော်လေး ခြေစွမ်းပြနေပါတယ်။

ဟာလန်းဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် (၇) ပွဲမှာ သွင်းဂိုး (၁၂) ဂိုးအထိ သွင်းယူပေးထားပြီး ပရီးမီးယားလိဂ်မှာလည်း ဟက်ထရစ် (၂) ကြိမ် သွင်းယူပေးခဲ့ပြီးဖြစ်ပါတယ်။

ဟာလန်းကို ဆိုးလ်ရှား ယူနိုက်တက်ကို ကိုင်တွယ်ချိန် ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာတည်းက ချဉ်းကပ်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က ဒီကစားသမားကိုခေါ်ယူဖို့ တွန့်ဆုတ်နေခဲ့တာကြောင့် မြို့ခံအသင်းထံ လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်ဟာ လက်ရှိအချိန်ထိ တိုက်စစ်မှူးအသစ် လိုအပ်နေပြီး မန်ယူပရိသတ်ရဲ့ ဟာလန်းကို အခုလိုမျိုး ချဉ်းကပ်ခဲ့တာက ဟာလန်းကို မန်ချက်စတာမြို့မှာ အေးဆေး သွားလာလို့ မရအောင် စိတ်အနှောင့်ယှက် ပေးနေတာမျိုးလည်း ဖြစ်ပါတယ်။