ပြီးခဲ့တဲ့နွေတုန်းက သူ့သားနဲ့ ဘာစီလိုနာ အသင်းကြား ကိစ္စတွေ ထုတ်ဖော် ပြောလာတဲ့ ဘာနာဒို ဆေးလ်ဗားရဲ့ ဖခင်

မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား ရဲ့ဖခင်ဖြစ်သူက နွေရာသီတစ်လျှောက် ဘာစီလိုနာနဲ့သူ့သားကြားမှာ စကားတွေအများကြီးပြောဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

မန်စီးတီးစတားဟာ နွေရာသီအပြောင်းအရွှေ့မှာ စပိန်မြေကို ပြောင်းဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

စပိန်သတင်းဌာန ဒီပို့တီဗို့မှာ ဆေးလ်ဗားရဲ့ ဖခင်က “အားလုံးပါဝင်ခဲ့ပေမယ့် အချိန်ကောင်းတော့ မဟုတ်ခဲ့ပါဘူး။ စကားတွေ အများကြီးတော့ ပြောဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမှုတော့ မရှိခဲ့ပါဘူး။ ဆွေးနွေးပြောဆို မှုတွေပဲ ရှိခဲ့တာပါ”လို့ ဖော်ပြခဲ့ပါတယ်။

ဆေးလ်ဗားဟာ နွေရာသီတစ်လျှောက် ဘာစီလိုနာရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ပေမယ့် ဘာစီလိုနာက အရင် ခေါ်ထားတဲ့ ကစားသမားသစ်တွေ မှတ်ပုံတင်ဖို့ကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ ဈေးကွက်ပိတ်ခါနီးမှာ ဘာစီလိုနာ က ဟက်တာဘယ်လာရင် နဲ့ အလွန်ဆိုတို့ကိုလည်း မှတ်ပုံတင်ခဲ့ရပြီး ဆေးလ်ဗားကို မခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

ဆေးလ်ဗားရဲ့ဖခင်က အပြောင်းအရွှေ့အတွက် မှန်ကန်တဲ့အချိန်တစ်ခုလိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

“သူက ရင့်ကျက်တဲ့ကစားသမားတစ်ဦးပါ။ အသက် ၂၈ နှစ်ရှိနေပါပြီ။ ခံစားချက်အရမဟုတ်ပဲ စဉ်းစားချင့်ချိန်ဖို့ လိုအပ်ပါတယ်”လို့ ပေါ်လိုဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ ဆေးလ်ဗားရဲ့ အမာခံ ပရိသတ် တစ်ဦးဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းဖွယ် ရှိနေပါတယ်။