အယ်လီဆင်ကို ချန်ပြီး မန်စီးတီး ဂိုးသမား အီဒါဆန် ကို အကြိုက်ဆုံး ဂိုးသမားတွေထဲ ရွေးလိုက်တဲ့ ကာဆီးလက်စ်
ရီးရဲလ်မက်ဒရစ် ဂန္တဝင် ကစားသမား ကာဆီးလက်စ်က သူရဲ့ အကြိုက်ဆုံး ဂိုးသမား(၅)ဦး စာရင်းမှာ မန်စီးတီး ပွဲထွက် ဂိုးသမား အီဒါဆန်ကို နံပါတ်(၂)နေရာမှာ ထည့်သွင်းခဲ့ပေမယ့် လီဗာပူး ဂိုးသမား အယ်လီဆင်ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။
အီဒါဆန်ဟာ ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် ငါးနှစ်ကြာကစားပြီးချိန် လက်ဖျားခါလောက်စရာ စွမ်းဆာင်ရည် ကောင်းတွေကို ပြသထားသူပါ။
အသက်၂၉ နှစ်အရွယ် ဂိုးသမားက ပြီးခဲ့တဲ့ မေလ၊ ပြိုင်ဘက် အယ်လီဆင်နဲ့ အတူ ပူးတွဲရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု အပါအဝင် နောက်ဆုံး သုံးရာသီဆက် လိဂ်ရဲ့ ရွှေလက်အိတ် ဆုရှင်အဖြစ် မှတ်တမ်း တင်ထားနိုင်သူ ဖြစ်ပါတယ်။

အီဒါဆန်ရဲ့ စွမ်းဆောင်ရည်ပိုင်းက စပိန် လက်ရွေးစင် ဂိုးသမားဟောင်းကို မျက်စိကျစေခဲ့ပြီး ကာဆီးလက်စ်ရဲ့ 433 သတင်းဌာနအတွက် ပင်တိုင်ဆောင်းပါးမှာ သူ့အကြိုက်ဆုံး ဂိုးသမား ၅ ဦးအနက် ဒုတိယမြောက် ဂိုးသမား အဖြစ် ပါဝင်စေခဲ့ပါတယ်။
ပထမနေရာမှာတော့ ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ် တလျှောက် အံ့မခန်း လက်စွမ်း ပြသခဲ့တဲ့ လက်ရှိ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်ကို သတ်မှတ်ခဲ့ပါတယ်။ တတိယနေရာမှာ အက်သလက်တီကို မက်ဒရစ်ရဲ့ အော့ဘလက်ခ်၊ စတုတ္ထနေရာမှာ ဘာစီလိုနာရဲ့တာစတီဂန်နဲ့ နောက်ဆုံးတစ်ဦးအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီ လက်ရွေးစင် ဂိုးသမား နူအာကို သတ်မှတ်ခဲ့တာပါ။

ပရီးမီးယားလိဂ် ဂိုးသမားတွေဖြစ်တဲ့ အယ်လီဆင်နဲ့ မန်ဒီတို့ကို ချန်လှပ်ထားခဲ့တဲ့ ကာဆီးလက်စ်ရဲ့ ဆုံးဖြတ်ချက်က အနည်းငယ်တော့ အငြင်းပွားမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။
အယ်လီဆင်နဲ့ မန်ဒီတို့ကလည်း သူတို့ရဲ့ ကလပ် အသင်းတွေ အတွက် လတ်တလော ကွင်းတွင်း အောင်မြင်မှုတွေမှာ ကြီးကြီးမားမား အသိအမှတ်ပြုရမယ့် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပါတယ်။
အီဒါဆန်ရဲ့ပြိုင်ဘက် အလီဆင်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသလို ဘရာဇီး လက်ရွေးစင် အသင်းမှာလည်း အီဒါဆန်ကိုကျော်လွန်ကာ နံပါတ်တစ် ဂိုးသမားအဖြစ် ပွဲထွက်ခွင့် ရရှိနေပါတယ်။ ချဲလ်ဆီး ဂိုးသမား မန်ဒီကလည်း ထိပ်တန်း စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့သူဖြစ်သလို အခုနှစ်အစောပိုင်းမှာ ဆီနီဂေါလက်ရွေးစင် အသင်းနဲ့အတူ အာဖရိက နိုင်ငံများ ဖလားကို ဆွတ်ခူးထားပါတယ်။
