မင်း မန်ယူကို နိုင်ပြန်ပြီလားလို့ ဆေးဗားကို ကြိုဆိုရင်း အားပါးတရ မေးမြန်းခဲ့တဲ့ ဂွာဒီယိုလာ

နည်းပြဂွာဒီယိုလာက ပြီးခဲ့တဲ့ အပတ်တုန်းက မန်ချက်စတာ ယူနိုက်တက်ကို ထပ်ပြီး အနိုင်ယူခဲ့တဲ့ စီးတီး ဂန္တဝင်ဖြစ်သူ ဒေးဗစ် ဆေးဗားကို ဂုဏ်ပြုမှု ပြုလုပ်သွားကြောင်း မန်စီးတီးအသင်းရဲ့ ရုပ်သံဘက်က ဖော်ပြခဲ့ပါတယ်။

ဆေးဗာ ပွဲထွက်စာရင်းက ပါဝင်ခဲ့ပြီး ရီးရဲလ်ဆိုစီဒက် အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက်ကို ၁-၀ ဖြင့် အနိုင်ယူခဲ့ပါတယ်။ အဆိုပါပွဲဟာ စပိန်ကွင်းလယ်လူရဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ ၂၁ ကြိမ်မြောက် ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဆေးဗားဟာ သူ့ကစားသမားဘဝမှာ ယူနိုက်တက်ကို ၁၀ ကြိမ်တိုင် အနိုင်ရခဲ့ပြီး ၉ ကြိမ်က မန်စီးတီးအသင်းနဲ့ဖြစ်ကာ နောက်ဆုံး တစ်ကြိမ်က ရီးရဲလ်ဆိုစီဒက်နဲ့ပဲ ဖြစ်ပါတယ်။ နိုင်ပွဲရအပြီးမှာ လာလီဂါကလပ်ဟာ ယူနိုက်တက်ရဲ့ ဒါဘီပြိုင်ဘက်ဖြစ်တဲ့ စီးတီးလေ့ကျင့်ရေးကွင်းထံ အလည် ရောက်ခဲ့ပါတယ်။

အဆိုပါ လေ့ကျင့်ရေးကွင်းမှာ ဆယ်စုနှစ်ကြာ လေ့ကျင့်ခဲ့တဲ့ ဆေးဗားနဲ့ သူဦးဆောင် ခေါ်ယူလာတဲ့ စပိန်ကလပ်ကို မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဧည့်ခံ ကြိုဆိုသွားခဲ့တယ်။

ဂွာဒီယိုလာက ဆေးဗားကို ပွေ့ဖက် ကြိုဆိုရင်း ‘ မင်းလာမယ် မလားဘူးဆိုတာ ငါ မသေချာခဲ့ဘူး ’ လို့ နှုတ်ဆက်ခဲ့တယ်။ ဆက်ပြီး ‘ အိုးထရတ်ဖိုဒ့်မှာ မင်းထပ်နိုင်ပြန်ပြီပေါ့? မင်းတော့ အိုးထရတ်ဖိုဒ့်မှာ နိုင်ပွဲ ထပ်ရပြန်ပြီပေါ့? ’ လို့ ခပ်နောက်နောက် ပြောခဲ့တာဖြစ်ပါတယ်။

ဆေးဗားက ‘ ဟုတ်တယ် နောက်တစ်ကြိမ် ထပ်နိုင်ပြန်ပြီ ’ လို့ ဂွာဒီယိုလာရဲ့ မေးခွန်းကို ရယ်မောရင်း တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အနွယ်တွေဟာ ဒါဘီပြိုင်ဘက်အား မကြာခဏ အနိုင်ယူရတာကို ပျော်ရွှင်နေကြတာဖြစ်တယ်။

အဂွယ်ရို၊ ကွန်ပနီနဲ့အတူ မန်စီးတီးရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ ဆေးဗားဟာ မန်ချက်စတာမှာ မန်စီးတီးအသင်း ခေါင်းထောင်လာဖို့ကို ဦးဆောင် ကူညီခဲ့သူ တစ်ဦးဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကွင်းလယ်လူဟာ စီးတီးအတွက် ၄၃၆ ပွဲ ကစားပေးခဲ့ပြီး ကိုယ်တိုင် ၇၇ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု အကြိမ် ၁၄၀ လုပ်နိုင်ခဲ့တယ်။ သူဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်တို့ကို အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။