မနက်ဖြန် ဝုဗ် – မန်စီးတီး ပွဲစဉ် အတွက် ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ထွက်လာပါပြီ
မန်ချက်စတာစီးတီးဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ် ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စက်တင်ဘာလ ၁၇ ရက်၊ စနေနေ့၊ ညနေ ၆ နာရီ မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်စီးတီးက ပရီးမီးယားလိဂ်မှာတော့ နေရာစုံက အစွမ်းပြ တောက်ပနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂိုးသွင်းအား နည်းနေတဲ့ ဝုဗ် ကို အနိုင်ယူဖို့တော့ သူတို့မှာ လုံလောက်တဲ့ အင်အား ရှိနေပါတယ်။ ဟာလန်းကတော့ လက်ရှိမှာ အဓိက မင်းသား ဖြစ်နေပါတယ်။ ဒေါ့မွန်နဲ့ ပွဲတုန်းကလည်း သူပဲ အသင်းဟောင်းကို ဂိုးသွင်းပြီး နိုင်ပွဲ ကူရှာပေးခဲ့တာပါ။
ပက် ဂွာဒီယိုလာက သူ့ လူစာရင်းကို အပြောင်းအလဲ လုပ်ရတာ သဘောကျတယ် ဆိုတာ ကျနော် သိတယ်။ ဒါပေမယ့် ဒီပွဲမှာလည်း ဟာလန်းကိုပဲ ထပ် ပွဲထုတ်ဦးမယ်လို့ ကျနော် ထင်နေတယ်။ နော်ဝေက ၂ဝ၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ မဝင်ပါဘူး။ ဒါက ပရီးမီးယားလိဂ်နဲ့ ဥရောပ လိဂ်တွေ အတွက်တော့ သတင်းဆိုးပါ၊ ဟာလန်းက တခြားသူတွေ ကာတာ ရောက်နေချိန် လုံးဝ အနားရ၊ အားပြည့်နေပါလိမ့်မယ်။
မန်ချက်စတာစီးတီးရဲ့ တိုက်စစ် ၃ ယောက်တန်းမှာ ကျနေ်ာတော့ မျက်နှာသစ် ဂျူလီယန် အဲလ်ဗာရက်စ်ကို တောင်ပံကနေ ပါဝင်ပြီး ဖိုဒန်၊ ဟာလန်းတို့နဲ့ တွဲစေချင်တယ်။ ကျနော် မြင်သလောက်တော့ သူက တကယ့် ကစားသမား ကောင်း ဖြစ်ပြီး ပရီးမီးယားလိဂ်က ဘယ်အသင်းကြီး မဆိုမှာ ပါဝင် ကစားနိုင်သူပါ။
ဂရေးလစ်ချ်ကတော့ ရုန်းကန်နေရတုန်းပဲ။ မန်ချက်စတာစီးတီးကတော့ ဒါကို ထည့်တွက်နေမှာ မဟုတ်ဘူး၊ အသင်းက အလုပ်ဖြစ်နေတာကိုး။
မန်စီးတီးက ဒီနွေမှာ ဂျေးဆုနဲ့ စတာလင်းကို ဆုံးရှုံးလိုက်ရတယ်၊ ဒါပေမယ့် ဟာလန်းနဲ့ အဲလ်ဗာရက်စ် ကို ပြန်ရထားတော့ တိုက်စစ်မှာ လန်းဆန်းနေတယ်။ ဒါက အဆင့်မြှင့်တင်မှုလားလို့တော့ ကျနော် ခုနေ မပြောနိုင်သေးပါဘူး၊ ရေရှည် စောင့်ကြည့်ရဦးမှာပါ။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ဝုဗ် ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။