အိုဒီဂတ် က မန်စီးတီးရဲ့ ဒီဘရိုင်းနဲ့ ခြေစွမ်း သိပ်မကွာတော့ဘူး၊ သိပ်ကောင်းနေပြီလို့ ဘရန့်ဖို့ဒ် နည်းပြ ချီးကျူး

ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ်ကတော့ အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဟာ မန်စီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းအရ ဘာမှသိပ်မကွာတော့ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

နည်းပြ ဖရန့်ခ်က ဒီအပတ် အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်ခင် ထိုသို့ ပြောဆိုခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်းကိုလည်း ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့နောက် ဒုတိယ အကောင်းဆုံးအသင်းအဖြစ် ချီးကျူးသွားခဲ့ပါတယ်။

“ကျွန်တော်တို့ မနှစ်က အာဆင်နယ် ကို အနိုင်ယူခဲ့တော့ သူတို့အခုလို အခြေအနေမှာ ရှိမနေပါဘူး။ အဲ့ဒီတုန်းက အာဆင်နယ်လို ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းကို အနိုင်ရခဲ့တာ ကြီးမားတဲ့ အောင်မြင်မှုပါ”

“ကျွန်တော် သူတို့ရဲ့ ပွဲတော်တော်များများကို ပြန်ကြည့်ဖြစ်ခဲ့ပြီး အဲ့ဒီမှာ ကျွန်တော် တွေးမိလိုက်တာ သူတို့ နောက်တစ်ဆင့်ရောက်သွားပြီ ဆိုတာပါပဲ။ သူတို့ ပရီးမီးယားလိဂ်ဖလားရနိုင်တယ်ဆိုပြီး တွေးမိခဲ့ပါတယ်”

“အာဆင်နယ် က အရမ်းကောင်းလာနေတယ်လို့ ထင်ပါတယ်။ ကစားသမားတွေကလည်း တိုးတက်လာပြီး မှန်ကန်တဲ့ ကစားသမားတွေလည်း ခေါ်ယူနိုင်ခဲ့ပါတယ်”

“နောက်ပြီး အိုဒီဂတ် ကစားတဲ့ပုံစံက မန်စီးတီးရဲ့ ဒီဘရိုင်းနဲ့ ယှဉ်ရင်တောင် သိပ်မကွာတော့ပါဘူး”လို့ ဘရန့်ဖို့ဒ် နည်းပြ ဖရန့်ခ်က ပြောခဲ့ပါတယ်။

အိုဒီဂတ်ဟာ ယခုနှစ်ရာသီ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ အာဆင်နယ် အသင်း ဇယားထိပ်ရောက်အောင် ကူညီ ပေးထားတဲ့ ကစားသမား ၁ဦး ဖြစ်ပါတယ်။ မန်စီးတီးရဲ့ ဒီဘရိုင်းကတော့ နှစ်အတန်ကြာ စီးတီးရဲ့ အောင်မြင်မှုတွေထဲ အဓိက အသင်းသား တစ်ဦး အဖြစ် တောက်လျောက် စွမ်းဆောင်ပေးထားခဲ့သူပါ။

ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ကတော့ အာဆင်နယ်နဲ့ မတွေ့ခင် ပွဲကြိုမှာ ဂန်းနားတွေကို မြှောက်ပင့် ချီးကျူးနေပါတယ်။