ဝုဗ်ကို အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းယူအပြီး သွင်းဂိုးတွေနဲ့ ပတ်သက်လို့ ကတိပေးတဲ့ ဂရီလစ်ချ်
ဝုဗ်ကို အဝေးကွင်းမှာ ၃-၀ ဖြင့် အနိုင်ယူခဲ့စဉ် မန်စီးတီးအတွက် အဖွင့်ဂိုးကို ပွဲအစ ၁ မိနစ်မှာတင် သွင်းယူခဲ့တဲ့ ဂရီလစ်က သူ့အပေါ် ဝေဖန်သူတွေကို တုန့်ပြန် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။
ဒီရာသီအတွက် ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ ဂရီလစ်ဟာ အက်စတွန်ဗီလာကနေ သူ့ကို ခေါ်ယူစဉ် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ မထိုက်တန်သူဆိုတဲ့ မှတ်ချက်တွေ ရနေခဲ့တာပါ။ နိုင်ငံတကာ သီတင်းပတ်မှာ ဆန်ချို၊ ဆာကာကို ကျော်ပြီး ရွေးချယ်ခံရသင့်သူ မဟုတ်ဘူးလို့လည်း ပြောဆိုခံထားရသူဖြစ်တယ်။
နည်းပြ ပက်ဂွာဒီယိုလာကတော့ ဂရီလစ်ကို ခေါ်ယူခဲ့တာဟာ ဂိုးသွင်းပေးဖို့နဲ့ ဂိုးထောက်ပံ့မှုတွေ လုပ်ပေးဖို့ ဆိုတာထက် အသင်းရဲ့ နည်းစနစ်တွေမှာ ပြင်းထန်တဲ့ ပြေးနှုန်းတွေ၊ ရုန်းကန်လိုစိတ်တွေဖြင့် ကစားမှာကို လိုချင်တာကြောင့်လို့ ကာကွယ် ပြောဆိုထားပါတယ်။
ဝုဗ်ပွဲမှာတော့ ဂရီလစ်က ကိုယ်တိုင် ဂိုးသွင်းယူခဲ့သလို တိုက်စစ်သမားကို ဟန့်တားဖို့ ကြိုးစားရင်း အဝင်ကြမ်းခဲ့တဲ့ ပြိုင်ဘက် ခံစစ်သမား ကောလင်းဟာ တိုက်ရိုက် အနီကဒ်ပါ ပြသခံခဲ့ရသေးတာ ဖြစ်ပါတယ်။
ဝုဗ်နဲ့ပွဲအပြီးမှာ ဂရီလစ်က ” သွင်းဂိုးရဖို့အတွက် အတော်လေး ကြာခဲ့သလို ဝေဖန်မှုတွေကို တုန့်ပြန်နိုင်ခဲ့တယ်။ လူတွေက ကျနော် ဂိုးတွေ ပိုသွင်းသင့်တယ်၊ ဂိုးထောက်ပံ့မှုတွေ ပိုလုပ်သင့်တယ်လို့ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။
လူတွေက ကျနော်အတွက် သုံးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အရမ်း စကားပြောကြပေမယ့် ကျနော် ကစားသမားဘဝ တစ်လျှောက်လုံးမှာ ဂိုးအများကြီး မသွင်းခဲ့ဖူးပါဘူး။ အခုတော့ ကျနော်ရဲ့ ပွဲတွေမှာ ဂိုးတွေ သွင်းချင်လာပါပြီ။
နည်းပြက ကိုယ့်အတွက် ခုခံပြောဆိုပေးတာကလည်း သိပ်ကောင်းပါတယ်။ သူက ကျနော်အပေါ် အရမ်း ကောင်းပေးပါတယ်။
ဒီနေ့ သွင်းဂိုးအတွက်က နည်းပြကို ကျေးဇူးတင်ရမှာပါ ဘာလို့လဲဆိုတတော့ ဗုဒ္ဓဟူးနေ့မှာ ကျနော်ရဲ့ စွမ်းဆောင်ရည်တွေ သိပ်မကောင်းပေမယ့် ဒီပွဲမှာ သူကပဲ ပွဲထွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ နည်းပြကို ကျေးဇူးတင်ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂရီလစ်ဟာ ဒီရာသီမှာ ဂွာဒီယိုလာရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့် မရသေးဘဲ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲ ၂ ပွဲပဲ ကစားရသေးတာပါ။ ၂၀၂၂ ကာတာ ကမ္ဘာဖလားမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ခွင့်ရရေး မန်စီးတီးမှာ ပွဲထွက်ခွင့်နဲ့ စွမ်းဆောင်ရည်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။