မန်စီးတီးအသင်း ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တဲ့ ပရီးမီးယားလိဂ် ဆုကြေးစာရင်း ထွက်ပေါ်လာပါပြီ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် ဆုကြေးစာရင်းတွေ ထွက်ပေါ်လာပြီး မနှစ်ကရာသီ အမှတ်ပေးဖလား အဓိက ယှဉ်ပြိုင်ခဲ့ကြသလို ထိပ်ဆုံးမှာ ရပ်တည်ခဲ့ကြတဲ့ မန်စီးတီးနဲ့ လီဗာပူးတို့က အမြင့်ဆုံး ဆုကြေးတွေ ရခဲ့ကြပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားကို ကိုင်မြောက်နိုင်ခဲ့ခြင်းနဲ့အတူ ဆုကြေး ပေါင် ၁၅၃ သန်းဖြင့် အမြင့်ဆုံး ရရှိခဲ့တာပါ။ လီဗာပူးအသင်းကတော့ ပေါင် ၁၅၁.၈ သန်းကို ဆုကြေးအဖြစ် ရရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်း ၂၀ လုံးဟာ ဗြိတိန်ရှယ်ယာတွေအဖြစ် ပေါင် ၃၁.၈ သန်း၊ နိုင်ငံတကာ ရှယ်ယာအဖြစ် ပေါင် ၄၈.၉ သန်းတို့ကို တူညီစွာ ခွဲဝေရရှိခဲ့တာဖြစ်ပါတယ်။ အဓိက ကွဲပြားသွားတာက အဆင့်ရပ်တည်မှု အလိုက် ပေးတဲ့ ဆုကြေးနဲ့ ရုပ်သံတွေမှာ တိုက်ရိုက် ပြသတဲ့ ပွဲအရေအတွက်ပဲ ဖြစ်ပါတယ်။

အဆင့်ရပ်တည်မှုအလိုက် ဆုကြေးမှာ မန်စီးတီးက အမြင့်ဆုံးဖြစ်ပေမယ့် ဗြိတိန်ပြည်တွင်း အမှတ်ပေးပွဲ တိုက်ရိုက် ထုတ်လွှင့်မှုမှာ လီဗာပူးနဲ့ အာဆင်နယ်တို့က ၂၉ ပွဲစီနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။

ကြီး ၆ ကြီး ကလပ်တွေအားလုံးရဲ့ ဆုကြေးဟာ ပေါင် ၁၀ သန်း ဝန်းကျင်လောက်ပဲ ကွာခြားခဲ့ပြီး အနည်းဆုံး ပေါင် သန်း ၁၄၀ ကျော် ရရှိခဲ့ပါတယ်။ တိုက်ရိုက် ပြသရတဲ့ ပွဲတွေမှာလည်း ကြီး ၆ ကြီး ကလပ်တွေက အများဆုံး ဖြစ်ခဲ့ပါတယ်။

မနှစ်ကရာသီ တန်းဆင်းခဲ့ရတဲ့ ဘန်လေ၊ ဝတ်ဖိုဒ့်နဲ့ နော့ဝစ်ချ်တို့ကလည်း ဆုကြေးတွေအဖြစ် ပေါင် သန်း ၁၀၀ ဝန်းကျင်တွေ ရရှိခဲ့ကြပါသေးတယ်။ အနိမ့်ဆုံး ရခဲ့တာက နော့ဝစ်ဖြစ်ပြီး ပေါင် သန်း ၁၀၀ ရရှိခဲ့ကာ ဒါဟာ လိဂ်ရဲ့ အမြင့်ဆုံး ဆုကြေးရှင် မန်စီးတီးနဲ့ ပေါင် ၅၃ သန်း ဝန်းကျင် ကွာဟသွားတာ ဖြစ်ပါတယ်။