ဟာလန်းက ဒီခြေအတိုင်းဆို ဘလွန်းဒီအော ဆု ပါ ရသွားနိုင်တယ်လို့ ဟောကိန်းထုတ်လာတဲ့ ရီယို ဖာဒီနန်
အင်္ဂလန် နဲ့ မန်ယူ ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က လက်ရှိအချိန်မှာ ဂိုးတွေ ဆက်တိုက် သွင်းနေတဲ့ မန်ချက်စတာစီးတီး တိုက်စစ်ကစားသမား အာလင်းဟာလန်း အနေနဲ့ အခုလို စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းထားနိုင်မယ်ဆိုရင် ဘလွန်းဒီအော ဆုရှင်ပါ ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေ ကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ဟာလန်းဟာ ပရီးမီးယားလိဂ်ကို စတင် ခြေချခဲ့ရတဲ့ နှစ်မှာပဲ (၇)ပွဲ ကစားပြီးချိန် သွင်းဂိုး(၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို သြဂုတ်လရဲ့ တစ်လတာအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။
ဟာလန်းနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်က –

“သူက လမ်းကြောင်းမှန်ပေါ် ရောက်နေပါတယ်။ ကျွန်တော် ပြောတာက သူ (၃၅)ဂိုးအထိ သွင်းယူနိုင်မယ့် အလားအလာမျိုးကို ရောက်နေတာပါ။ ဟာလန်း က ပွဲတွေတိုင်းမှာ လုံးဝကို လွှမ်းမိုးထားနိုင်တဲ့ အသင်းမှာ ကစားနေရတာဖြစ်လို့ စံချိန်များစွာ ချိုးဖျက်နိုင်စွမ်းလည်း ရှိနေပါတယ်။ ဂိုးဆာလောင်မှုတွေ ဂိုးသွင်းဖို့ ဆန္ဒတွေလည်း ပြည့်နက်နေပါတယ်။
သူကတော့ ဘလွန်းဒီအော ဆုအတွက်လည်း တစ်ပြေး ဖြစ်နေပါပြီ။ တကယ်လို့ သူသာ ဒီပုံစံကို ဆက် ထိန်းထားနိုင်မယ် ဆိုရင် ၊ မန်စီးတီးသာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့မယ်ဆိုရင်တော့ မေးခွန်းထုတ်စရာ မရှိတော့ပါဘူး။
သူ့အနားကိုလည်း ဘယ်ကစားသမားမှ မကပ်နိုင်တော့ပါဘူး။ သူက ပွဲတွေအတွင်းမှာ အသင်းနဲ့အတူ အရမ်းကြီး ပါဝင် ကစားနိုင်ခြင်း မရှိသေးရင်တောင် သူက ဒါကို ဂရုစိုက် မနေပါဘူး” လို့ ပြောဆိုလာခဲ့ပါတယ်။
ဟာလန်းဟာ ဒီနှစ်ရာသီအတွင်း မန်စီးတီးအတွက် ပရီးမီးယားလိဂ် (၁၁)ဂိုးနဲ့ ချန်ပီယံလိဂ် (၃)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး လက်ရှိ သွင်းဂိုးစွမ်းရည်အရ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ဥရောပ ရွှေဖိနပ်ဆုတို့ကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။
