ဂရီလစ် အမြဲစောင့်ကြည့်ခံနေရတဲ့ အဓိက အကြောင်းရင်းကို ကွက်ကွက်ကွင်းကွင်း ထောက်ပြတဲ့ ဒီဘရိုင်း

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက အသင်းဖော် ဂရီလစ်အပေါ်မှာ မမျှတစွာ ဝေဖန်နေကြတာက သူဟာ အင်္ဂလိပ်ကစားသမား ဖြစ်နေတာကြောင့်လို့ ထုတ်ဖော်လိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ ၂၀၂၁ ခုနှစ်မှာ အက်စတွန်ဗီလာကနေ မန်စီးတီးထံ ပေါင် သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ခဲ့တာပါ။ နွေတုန်းကလည်း ကမ္ဘာပတ်ပြီး ပျော်ပါးနေတဲ့ ကစားသမားဆိုတဲ့ ခေါင်းစဉ်နဲ့ ဂရီလစ်က မီဒီယာတွေထက်မှာ ရေပန်းစားခဲ့သေးတာပါ။

ဒီဘရိုင်းက ‘ ဘောလုံးအကြောင်း ဝေဖန်နေတာတင် မဟုတ်ပါဘူး။ ဘောလုံးပြင်ပမှာလည်း လူတွေက အင်္ဂလိပ် ကစားသမားတွေအပေါ် အာရုံစိုက်လွန်းပါတယ်။ ဒါကိုလည်း နားလည်ပေးလို့ ရပါတယ်။ အားလုံးက အင်္ဂလိပ်တွေဆိုတော့ လူတွေက သူတို့အပေါ်မှာ ပိုပြီး အာရုံစိုက်ကြတယ်။

နိုင်ငံခြား ကစားသမားတွေက ညဘက် အပြင်ထွက်ရင်တောင် သိပ်ပြီး စစ်ဆေးခံရမှာ မဟုတ်ပါဘူး။ အင်္ဂလိပ်ကစားသမားတွေ တစ်နေရာရာကို အပြင်ထွက်မယ်ဆိုရင် အဲ့မှာ မီဒီယာတွေက ရှိနေပါလိမ့်မယ်။ နိုင်ငံပြင်ပကို ထွက်ရင်လည်း မီဒီယာတွေ နောက်ယောင်ခံတာကို ရင်ဆိုင်ရလေ့ ရှိပါတယ်။

ဂရီလစ်က သူ့ရဲ့ သီးသန့်ဘဝမှာ သူ ဘာလုပ်တယ်ဆိုတာကို လူတွေ လိုက်ကြည့်နေတာမျိုး မခံရသင့်ပါဘူး ဒါပေမယ့် လူတိုင်းက သူဘာလုပ်လဲ လိုက်ကြည့်နေကြပါတယ် ‘ လို့ မှတ်ချက်ပေးခဲ့တယ်။

မန်စီးတီးမှာတော့ ဂရီလစ်က ခက်ခဲတဲ့ ကစားသမားဘဝကို စတင်ခဲ့ရပြီး ဒီရာသီမှာလည်း ၆ ပွဲကစားရာမှာ သွင်းဂိုး ၁ ဂိုးပဲ ရထားသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဂရီလစ်အတွက် အချိန်လိုတယ်လို့ ဒီဘရိုင်းက ဆိုပါတယ်။

‘ ပထမဆုံးအကြိမ် အသင်းပြောင်းရခြင်းမှာ သူဘယ်လို ခံစားရတယ်ဆိုတာ ထည့်တွက်ဖို့ မလိုဘူးလို့ လူတိုင်းက ထင်နေကြပါတယ်။ လူတိုင်းက အမြဲတမ်း ကိစ္စတွေကို လွယ်လွယ်လေးလို့ ထင်ကြတယ်။ ဒါပေမယ့် အသင်းပြောင်းတာ၊ အိမ်ပြောင်းတာ ဒီလို ကိစ္စတွေမှာ အတားအဆီးတွေ အများကြီး ရှိတယ်။

ဂရီလစ်က အသားကျဖို့ အချိန်တစ်ခု ယူဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် သူက အဆင်ပြေပါတယ်။ စိတ်ရှည်ကြပါ။ ကျနော်ကတော့ သူ့ရဲ့ အနေအထားအတွက် သိပ်ပြီး စိတ်မပူမိပါဘူး ‘ လို့ ဒီဘရိုင်းက ဆက်လက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။