ဒေါ့မွန် အသင်းဖော်ဟောင်း ဘယ်လင်ဟမ် ကို မန်စီးတီး ထံ ပြောင်းလာဖို့ စည်းရုံးနေတဲ့ ဟာလန်း
မန်ချက်စတာစီးတီး တိုက်စစ်ကစားသမား အာလင် ဟာလန်းက သူနဲ့ ဒေါ့မွန်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဘယ်လင်ဟမ်ကို မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ဖို့ တိုက်တွန်းပြောဆိုနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။
ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ သူရဲ့ ခြေစွမ်းတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ နေရာတစ်နေရာ ခပ်မြန်မြန်နဲ့ ရရှိလာခဲ့သလို ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပါတယ်။
လက်ရှိမှာ ဘယ်လင်ဟမ်ကို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့က ဘယ်လင်ဟမ်ကို အတော်လေး အလိုရှိနေကြပေမယ့် သူရဲ့အသင်းဖော်ဟောင်း ဟာလန်းကတော့ ဘယ်လင်ဟမ် အနေနဲ့ အသင်းအပြောင်းအလဲ လုပ်မယ်ဆိုရင် မန်စီးတီးအသင်းဆီသာ ပြောင်းရွှေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့် ၂၀၂၃ခုနှစ် နွေရာသီမှာ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို အပြိုင်အဆိုင် ခေါ်ယူကြဖို့ ကလပ် အသင်းကြီး များစွာက ပြင်ဆင်ထားကြပြီး အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်ဟာလည်း ဒေါ့မွန်ထက် ပိုမို မြင့်မားတဲ့ အသင်းတစ်သင်းသင်းဆီကို ရောက်ရှိသွားနိုင်ပါတယ်။
လက်ရှိ အခြေအနေအရ ဘယ်လင်ဟမ်ရဲ့ တန်ကြေးက ယူရိုသန်း(၉၀)မှာ ရှိနေပေမယ့် သူရဲ့စာချုပ်သက်တမ်းက ၂၀၂၅ခုနှစ်အထိ ကျန်ရှိနေသေးသလို မကြာခင်မှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားမှာပါ တစ်ခုခု လုပ်ပြနိုင်ဦးမယ်ဆိုရင် တန်ကြေးက ပိုပြီးတော့ကို မြင့်မားသွားနိုင်ပါတယ်။
နောက်ဆုံး သတင်းတွေအရ ကစားသမားကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြနေကြပေမယ့် လီဗာပူးလ်ကလည်း လာမယ့်နွေမှာ ဘယ်လင်ဟမ်ကိုသာ နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားနေသလို ဒေါ့မွန်ကစားသမားဟောင်း ဟာလန်းကလည်း ဘယ်လင်ဟမ်ကို ရီးရဲလ်၊ လီဗာပူးလ်တို့ထက် သူရဲ့မန်စီးတီးကိုသာ လာရောက်စေချင်နေပါတယ်။
ဟာလန်းက ဒေါ့မွန်မှာ ဘယ်လင်ဟမ်နဲ့ နှစ်ရာသီ အတူ တွဲဖက်ကစားခဲ့ရတာဖြစ်ပြီး လာမယ့်နှစ်မှာ ဘယ်လင်ဟမ်နဲ့ အတူ မန်စီးတီးမှာ ပြန်လည် တွဲဖက်ကစားချင်နေပါတယ်။
