ဒီအပတ် မန်ချက်စတာဒါဘီမှာ ပရိသတ်တွေ အတွက် စီးတီးကို အနိုင်ကန်ပေးမယ် ဆိုတဲ့ မန်ယူခံစစ်မှုး ဗာရန်း

ဒီအပတ် မန်ချက်စတာ ဒါဘီပွဲစဉ်ကို အနိုင်ကစားရမယ်လို့ မန်ယူအသင်းရဲ့ ပြင်သစ် ခံစစ်မှူး ဗာရန်းက ပွဲကြိုစကား ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာပွဲစဉ်များ ကစားနေစဉ်အတွင်း ပရိသတ်များရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြောင့် ဒါဘီပွဲစဉ်ဟာ ပိုပြီးတောင် လှုပ်ရှားအသက်ဝင်ကြောင်း ဗာရန်းက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟတ်ဟာ ပရီးမီးယားလိဂ်ပထမဆုံးပွဲစဉ် ၂ ပွဲတွင် ဘရန့်ဖို့ဒ်နှင့် ဘရိုက်တန် တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ကစားတဲ့လေးပွဲတွင် လီဗာပူးနှင့် အာဆင်နယ်အပါအဝင် လေးပွဲစလုံးကို အနိုင်ရရှိထားပါတယ်။

မန်ယူ နောက်ခံလူ ဗာရန်းက “ပြိုင်ဆိုင်မှုတွေမှာ အဓိကကတော့ အားပေးတဲ့ပရိသတ်တွေပါ။ သူတို့အတွက်လည်း အရေးကြီးပါတယ်။ ဒါကို ကျွန်တော်တို့ လေးစားပါတယ်။

သူတို့ကို ပျော်ရွှင်စေချင်တယ်။ဒါကြောင့် မန်စီးတီးနဲ့ လီဗာပူးတို့လို အသင်းတွေကို တိုက်ခိုက်ပြီး အနိုင်ယူချင်ပါတယ်။ပရိသတ်တွေက ဘာလိုချင်လဲ၊ သူတို့လိုချင်တာကို ကျွန်တော်တို့က ခံစားနိုင်ရပါမယ်။ အဲဒါက အရမ်းအရေးကြီးပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဗာရန်း စိတ်ကူး အတိုင်း မန်စီးတီးကို အနိုင်ကန်ပေးဖို့ ဆိုတာ ဒီတနင်္ဂနွေနေ့ အီတီဟက်က ပွဲမှာတော့ အတော် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်ဖွယ် ရှိနေပါတယ်။

ပြင်သစ်နောက်ခံလူဟာ လက်ရွေးစင်အသင်းနဲ့ သွားရောက် ကစားပေးခဲ့တဲ့ ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။အသင်းခေါင်းဆောင် အဖြစ်နဲ့ ၁ ပွဲကစားပေးခဲ့ပြီး ပေးဂိုးမရှိနိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရွေးစင်အသင်းအတွက် သွားကစားပေးတိုင်းမှာ ဒဏ်ရာရပြီး ပြန်လာတတ်တဲ့ ဗာရန်းက ဒီတစ်ကြိမ်မှာတော့ ဒဏ်ရာရရှိခြင်းမရှိခဲ့သလို ကြံ့ခိုင်မှုအပြည့်နဲ့ပါ ယူနိုက်တက်ဆီ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။