မန်ယူဘက် ဂိုးတွေ တမုန်းသွင်းဖို့ အားမသန်တဲ့ ညာခြေနဲ့ပါ ဂိုးသွင်းကျင့်နေပြီ ဖြစ်တဲ့ တိုက်စစ်မှုး ဟာလန်း
မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်းဟာ ဒီအပတ် ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီပွဲ မတိုင်ခင် အားမသန်တဲ့ ညာခြေအတွက်ပါ လေ့ကျင့်ခန်း အပိုဆင်းပြီး ကြိုးစားနေကြောင်း သိရပါတယ်။
ဟာလန်းကို ယခုနှစ် ပရီးမီးယားလိဂ်မှာ ဂိုး မသွင်းနိုင်အောင် ထိန်းနိုင်တာဆိုလို့ ဘုန်းမောက် တစ်သင်းတည်း သာရှိပြီး ကျန်အသင်းတွေ အားလုံးကို နော်ဝေသားက ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ကစားသမားဘဝတစ်လျောက် ၁၃၃ပွဲ ကစားရာမှာ ညာခြေနဲ့ ၁၅ဂိုး သာ သွင်းယူနိုင်ခဲ့ပြီး ယခု အချိန်မှာတော့ အားနည်းတဲ့ ခြေထောက်အတွက်ပါ လေ့ကျင့်မှုတွေ ပြုလုပ်လာခဲ့တာပါ။

အသက် ၂၂နှစ် အရွယ် နော်ဝေသား ယခုလို အပိုလေ့ကျင့်ခန်း ဆင်းနေတဲ့ သတင်းက ပြိုင်ဘက် ခံစစ်မှူးတွေ မကြားချင်တဲ့ သတင်းမျိုးပဲ ဖြစ်ပါတယ်။
ဟာလန်းကို ဒေါ့မွန်မှာ တုန်းက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း ဇစ်ကလာက ညခြေ အားကောင်းလာစေဖို့ လေ့ကျင့်ပေးခဲ့တာ ကို တွေ့မြင်ရပါတယ်။ ဇစ်ကလာရဲ့ လေ့ကျင့်ပေးမှုတွေဟာ သူ့အတွက် အလွန်တန်ဖိုးရှိကြောင်း ဟာလန်းက ဖွင့်ဟခဲ့ဖူးပါတယ်။
မန်စီးတီးကို ရောက်လာပြီးနောက် သူ အတွေ့ချင်ဆုံးအသင်းက မန်ချက်စတာ ယူနိုက်တက်ဖြစ်တယ်ဆိုတာ ဖွင့်ဟကာ ဟာလန်း တစ်ယောက် ပွဲဆူစေခဲ့တာကြောင့် တနင်္ဂနွေည တကယ့်ပွဲစဉ်မှာလည်း ဘယ်လိုလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
