အိမ်ရှင်တို့ အကောင်းမြင်စရာတွေ များခဲ့တဲ့ မန်စီးတီး ၆-၃ မန်ချက်စတာ ယူနိုက်တက် ပွဲမှာ စိတ်ဝင်စားစရာ အချက်များ

တနင်္ဂနွေနေ့ည က ကစားခဲ့ကြတဲ့ မန်စီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် စီးတီးတို့က ၆-၃ နဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကတော့ ဒီနေ့ပွဲမှာ စီးတီးရဲ့ ကောင်းကောင်းပညာပေးခြင်း ခံခဲ့ရပြီး တစ်ပွဲလုံးလိုလို စီးတီးကသာ ပိုင်စိုးပိုင်နင်း ကစားပြသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် ဟာလန်းနဲ့ ဖိုဒန်တို့က ဂိုးတွေ အလှည့်ကျသွင်းရင်း ဟတ်ထရစ် ကိုယ်စီ ရယူသွားနိုင်ခဲ့ပြီး မန်ယူအသင်းအတွက်တော့ အန်တိုနီ နဲ့ လူစားဝင်ကစားသမား မာစီယဲလ်က ၂ ဂိုးသွင်းယူပေးခဲ့တာကြောင့် ယခုလို အရှက်မကွဲခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲကနေ စိတ်ဝင်စားဖွယ် အချက် ၅ ချက် ကို စုစည်း ဖော်ပြပေးပါမယ်။

၁။ လူစာရင်း အင်အားတောင့်တင်းလွန်းခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ ယနေ့ပွဲမှာ အသင်းရဲ့ အဓိက နောက်ခံလူ ရူဘင်ဒီအာ့စ်နဲ့ လာပေါ်တေးတို့ကို စတင် အသုံး မပြုနိုင်ခဲ့ပေမယ့် နေသန် အိုင်ကီ နဲ့ အကန်ဂျီတို့ ၂ ဦးကို နောက်ခံဗဟိုနေရာမှာ ထည့်သွင်းအသုံးပြုသွားခဲ့ပြီး ကွင်းလယ်ပိုင်းမှာလည်း ရိုဒရီကို ထည့်သွင်းခြင်း မရှိနိုင်ခဲ့ပေမယ့် ဂန်ဒိုဂန် ရဲ့ အသင့်အနေအထားရှိမှုတွေကြောင့် ရှေ့လာမယ့် ပွဲစဉ်တွေအတွက် အသင့်အနေအထား ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

၂။ လျှင်မြန်မှုတွေနဲ့ တောက်ပခဲ့တဲ့ ဖိုဒန်

ဒီရာသီ မန်စီးတီးအတွက် အကောင်းဆုံး အသုံးတော်ခံနေတဲ့ ဖိုဒန်ဟာ ယနေ့ပွဲမှာ ဒီဘရိုင်းနဲ့ ဟာလန်းကြားက ကောင်းမွန်တဲ့ ချိတ်ဆက်မှု တစ်ခုဖြစ်ခဲ့ရပြီး မန်ယူအသင်းရဲ့ နောက်ခံလူတွေ ဟာလန်းကို အာရုံရောက်နေချိန်မှာ ၎င်းရဲ့ လျှင်မြန်မှုတွေနဲ့ စီးတီးကို ဂိုးတွေ ရယူစေနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဖိုဒန်ရဲ့ လျှင်မြန်မှုတွေက ဒီနေ့ပွဲရဲ့ အသက်သွေးကြော တစ်ခုဖြစ်ခဲ့ရပြီး အင်္ဂလန်ရဲ့ အတောက်ပဆုံး မျိုးဆက်တစ်ခုဆိုရင်လည်း မှားမယ် မထင်ပါဘူး။

၃။ ရပ်တန့်လို့ မရနိုင်သေးတဲ့ ဟာလန်း

ယခုရာသီ ဟတ်ထရစ် ၃ ကြိမ်အထိ ရယူကာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို ဦးဆောင်နိုင်ခဲ့တဲ့ ဟာလန်းဟာ ပွဲမတိုင်ခင်က လေထွားခဲ့သလိုပဲ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ၎င်းရဲ့ အတိုးအလှုပ်တွေနဲ့ အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့ပြီး ၎င်းရဲ့ ပထမပိုင်း ကစားဟန်က အကောင်းဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ မန်စီးတီးအသင်းလိုအပ်ခဲ့တဲ့ နေရာကို ဟာလန်းတစ်ယောက် လိုတာထက်ပို ဖြည့်စွက်ပေး နေနိုင်တာ ကြောင့် မန်စီးတီးအသင်းအနေနဲ့ ယခုရာသီ ချန်ပီယံလိဂ်ဖလားကိုပါ မျက်စပစ်လို့ ရနေပါပြီ။

၄။ အသားမကျ ဖြစ်နေတဲ့ လင်ဒီလော့ဖ်

ဒီနေ့ပွဲမှာ ဗာရိန်းတစ်ယောက် ဒဏ်ရာရသွားခဲ့တာကြောင့် ပထမပိုင်းမှာတင် လင်ဒီလော့ဖ်တစ်ယောက် လူစားဝင် ကစားခွင့်ရခဲ့ပေမယ့် ပြိုင်ဘက်တိုက်စစ်ကစားသမားတွေရဲ့ ထိုးဖောက်မှုတွေကို ကောင်းကောင်း ဟန့်တားနိုင်ခြင်း မရှိခဲ့ပဲ အထူးသဖြင့် မန်စီးတီးရဲ့ လျှင်မြန်တဲ့ တိုက်စစ်ဆင်မှုတွေကြောင့် လင်ဒီလော့ဖ်တစ်ယောက် ယနေ့ပွဲမှာ နာမည်မရခဲ့တာလို့လည်း ပြောနိုင်ပါတယ်။

၅။ တန်ဟတ် အတွက် နောက်ထပ် စာမေးပွဲတစ်ပွဲ

တန်ဟတ် ဟာ ယခုပွဲမတိုင်ခင်ကတည်းက ဘရတ်ဖို့ဒ် နဲ့ ဘရိုက်တန်တို့ကို အပြတ်အသက် ရှုံးနိမ့်ခဲ့ဖူးသလို အထူးသဖြင့် ပထမပိုင်း အထနှေးတက်တဲ့ အသင်းရဲ့ ကစားဟန်ကို အချိန်မှီ ပြင်ဆင်နိုင်ခြင်း မရှိသေးတာကြောင့် ယခုလို ဂိုးပြတ် ထပ်မံအရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဟတ် အနေနဲ့ ရှေ့လာမယ့် ပွဲစဉ်တွေမှာ ယခုထက်ပိုမို ပြတ်သားတဲ့ ခြေစွမ်းတွေကို ပြုစုပျိုးထောင်နိုင်ဖို့ လိုအပ်နေပြီး ၎င်းကိုယ်တိုင်လည်း အသင်းရဲ့ အဆင့်အတန်းကို ယနေ့ပွဲမှာ ကောင်းကောင်း သိရှိနိုင်ခဲ့မှာပါ။