ဒီရာသီ ပရီးမီးယားလိဂ် ဟက်ထရစ် စံချိန်သစ် တင်ဖို့ ဟာလန်း ကျော်ဖြတ်ရမယ့် ယခင် မှတ်တမ်းဟောင်းများ
မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟားလန်း ကတော့ ပရီးမီးယားလိဂ်မှာ ၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုးက ၁၄ ဂိုးထိ ရှိထားပြီး နောက်ဆုံး အိမ်ကွင်း ၃ ပွဲစလုံးမှာ ဟက်ထရစ် ရရှိထားသည် အထိ ခြေစွမ်းပြနေပါတယ်။
ပရီးမီးယားလိဂ်မှာ ယခင် နာမည်ကျော် တိုက်စစ်မှုးဟောင်းတွေ တင်ထားတဲ့ စံချိန်တွေကိုလည်း ဟာလန်းက ဒီတစ်ရာသီတည်းနဲ့ ချိုးဖျက် ကျော်တက်သွားဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဟားလန်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဟက်ထရစ်ရှင်စာရင်းမှာ ဆွန်ဟောင်မင်၊ ဂျေမီ ဗာဒီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ သီယို ဝဲလ်ကော့၊ ဒီဒီယေး ဒရော့ဘာ၊ နီကိုလာ အနယ်လ်ကာ၊ ရော်ဘီကီးန်၊ အီမန်နျူယယ်လ် အဒီဘာယော၊ ဖရန့် လမ်းပတ်၊ ရိုမီလူ လူကာကူး၊ အိုလီဂန်နာ ဆိုးလ်ရှားတို့နဲ့အတူ အဆင့် ၂၇ မှာ ရပ်တည်ထားနိုင်ပြီး ဒီလို ရပ်တည်ဖို့ သူက ၈ ပွဲတည်းနဲ့ လုပ်ပြထားတာပါ။
တစ်ရာသီလုံးမှာ ဟက်ထရစ်အများဆုံး သွင်းတဲ့ စံချိန်ကိုတော့ ဒီရာသီ ဟာလန်း ရရှိသွားလိမ့်မယ်လို့ ယူဆရပြီး ဒီအတွက် ဟားလန်း ဖြတ်ကျော်ရမယ့်သူတွေကို ဖော်ပြပေးလိုက်ပါတယ်။
၃။ ဆာဂျီယို အဂွေရို (မန်စီးတီး) – ၃ ကြိမ်
စီးတီးဂန္ထဝင်အနေနဲ့ တစ်ရာသီအတွင်း ဟက်ထရစ် ၃ ကြိမ် ရှာဖွေနိုင်ခဲ့တဲ့ မှတ်တမ်းကို ၂၀၁၇-၁၈ ရာသီမှာ တစ်ကြိမ်၊ ၂၀၁၈-၁၉ ရာသီမှာ တစ်ကြိမ် ရေးထိုးထားခဲ့တာပါ။ ဟားလန်းအနေနဲ့ လက်ရှိမှာ မန်စီးတီးအသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်းနဲ့ စံချိန်ချင်း တူညီနိုင်ခဲ့ပြီဖြစ်တာကြောင့် ကျော်ဖြတ်ဖို့ကတော့ နောက်ထပ် ဟက်ထရစ်တစ်ကြိမ် ရရင်ကိုပဲ အာဂျင်တီးနားသားကို ထားခဲ့လို့ ရပြီဖြစ်ပါတယ်။ အဂွေရိုရဲ့ စစချင်းပွဲတွေမှာ သွင်းဂိုးရရှိမှု စံချိန်ကို ၈ ပွဲမှာ ၁၄ ဂိုးနဲ့ ကျော်ဖြတ်ပြီးခဲ့တဲ့ နော်ဝေသားဟာ ရှေ့လာမယ့် လက်ကျန် ပွဲ ၃၀ မှာ အာဂျင်တီးနားသားကို မကျော်နိုင်ဘူးဆိုရင် လည်ဖြတ်ခံမယ်လို့ပဲ စီးတီးပရိသတ်တွေက ပြောနေကြပါလိမ့်မယ်။
၂။ ဟာရီကိန်း (စပါးစ်) – ၄ ကြိမ်
ဟာရီကိန်းရဲ့ အမြင့်ဆုံးစံချိန်ကတော့ ၂၀၁၆-၁၇ ရာသီမှာ တင်ရှိခဲ့တဲ့ ဟက်ထရစ် ၄ ကြိမ် ရရှိမှုပဲ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဆွန်ဟောင်မင်နဲ့ ဂိုးလုနေရလို့ အင်္ဂလန်ကပ္ပတိန်အနေနဲ့ သိပ်ပြီး အလုပ်မဖြစ်နိုင်တော့တာပါ။ ဝက်စ်ဘရွန်း၊ စတုတ်စီးတီး၊ လက်စတာ၊ ဟားလ်စီးတီးတို့နဲ့ တစ်ရာသီအတွင်းမှာ ၄ ကြိမ် ဟက်ထရစ်ရခဲ့တဲ့ ကိန်းအနေနဲ့ ဒီလေးပွဲမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး သူ့ကို ပြတ်ပြတ်သားသား နောက်ကောက်ချဖို့ ဆိုရင်တော့ ၄ ဂိုးသွင်းတဲ့ ပွဲမျိုးကိုပါ ဟားလန်းအနေနဲ့ ရှာဖွေသွားရဖွယ်ရှိနေပါတယ်။
၁။ အလန် ရှီးရား (ဘလက်ဘန်း) – ၅ ကြိမ်
ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ဂန္ထဝင်ကြီးအနေနဲ့ နယူးကာဆယ်လ်ကို မပြောင်းရွှေ့ခင် ဘလက်ဘန်းအသင်းမှာ သူ့ရဲ့ ကစားသမားဘဝ ဟက်ထရစ်တွေကို ၉ ကြိမ်အထိ ရယူနိုင်ခဲ့သလို ၁၉၉၅-၉၆ ရာသီမှာတော့ ၅ ကြိမ်အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလကစပြီး ကစားခဲ့တဲ့ ကိုဗင်ထရီ၊ ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ဘော်လ်တန်နဲ့ စပါးစ်အသင်းတွေကို တစ်ရာသီတည်းမှာ သွင်းယူခဲ့တာဖြစ်ပြီး အဲ့ဒီရာသီမှာ အသက် ၂၅ နှစ်အရွယ် ရှီးရားအနေနဲ့ ၃၅ ပွဲကစား ၃၁ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါ။ ဟားလန်းအနေနဲ့ ပရီးမီးယားလိဂ်မှာ တစ်ရာသီတည်းနဲ့ ဂန္ထဝင်ဖြစ်ဖို့ ဆိုရင်တော့ သူ့ကို ကျော်တက်နိုင်ဖို့ လိုအပ်နေပါတယ်။
ဟာလန်း အနေနဲ့ မန်စီးတီးနဲ့အတူ နောက်ထပ်တစ်ကြိမ် ဟက်ထရစ် ရယူနိုင်ခဲ့ရင် လီဗာပူးလ်အသင်းရဲ့ မိုဟာမက် ဆာလားကို ထာဝရ ဟက်ထရစ်ရှင်စာရင်းမှာ လိုက်မီနိုင်မှာဖြစ်ပြီး အဆင့် ၁၅ နေရာကို တက်ရောက်နိုင်ဖို့ ရှိနေသလို အဆင့်မှာတော့ ကားလို့စ် တီဗက်ဇ်၊ ဖာနန်ဒို တောရက်စ်၊ ဒွိုက်ယော့ခ်၊ ဂျာမိန်း ဒီဖိုး၊ တက်ဒီ ရှာရင်ဂမ်၊ လက်စ် ဖာဒီနန်၊ ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ်တို့လို နာမည်ကြီးတွေကို လိုက်မီနိုင်မှာဖြစ်ပါတယ်။
နောက်ထပ်တစ်ကြိမ် ဟက်ထရစ်သွင်းနိုင်တာနဲ့ ဟားလန်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဟက်ထရစ်အကြိမ်ရေ အများဆုံး နော်ဝေသားအဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ Super Sub ကြီး ဆိုးလ်ရှားရဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်မှာလည်းဖြစ်ပါတယ်။
ဒါကြောင့် ဟာလန်းတစ်ယောက် ဒီရာသီတစ်ရာသီတည်းနဲ့ ဘယ်လောက်အထိ စံချိန်တွေ ချိုးမလဲဆိုတာတော့ စောင့်ကြည့် ရင်ခုန်ကြရဦးမှာပါ။