ဟာလန်း ကို ပြိုင်ဘက်ဂိုးသမားက မယုံနိုင်စွာ ချီးကျူးခဲ့ကြောင်း ညက ပွဲ အပြီးမှာ ဂျက်ဂရီးလစ်ရှ် ဖော်ထုတ်

စီးတီး ကွင်းလယ်သမား ဂျက်ဂရီးလစ်ရှ် က မန်စီးတီး အသင်း ရဲ့ ချန်ပီယံလိဂ် ဂိုးပြတ် နိုင်ပွဲ မှာ ပြိုင်ဘက် အသင်း မှကိုပေဟေဂင် ဂိုးသမား က တိုက်စစ်မှူး ဟာလန်း ဟာ လူ မဟုတ်ကြောင်း အံ့အားတသင့် ချီးကျူးခဲ့တယ်လို့ ဖွင့်ဟ လာခဲ့ပါတယ်။

အံ့မခန်း ဂိုးတွေ သွင်းပြနေတဲ့ ဟာလန်း ဟာ ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲမှာလည်း ဂိုးတွေ ဆက်လက် သွင်းနိုင်ခဲ့ပြီး ဒိန်းမတ် ကလပ် ကိုပေဟေဂင် အသင်းဘက်ကို ပထမပိုင်း မှာတင် နှစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းအပြီးမှာ ပက်ဂွာဒီယိုလာ က ဟာလန်း ကို လူစား လဲလိုက်တာကြောင့် နော်ဝေသားရဲ့ တတိယမြောက် ဟက်ထရစ် ကိုတော့ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး ။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟာလန်း ဟာ ဒီရာသီမှာ မန်စီးတီး အသင်း အတွက် ၁၂ ပွဲ ကစား ပေးထားပြီး သွင်းဂိုး ၁၉ ဂိုး အထိ သွင်းယူ ထားပါတယ် ။ ဒါ့အပြင် ဟာလန်း ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၂၂ ပွဲ ကစားထားရာမှာ ၂၈ ဂိုး အထိ သွင်းယူ ထားပြီး ဖြစ်ပါတယ်။

ကိုပေဟေဂင် နဲ့ ပွဲအပြီးမှာတော့ ဂရီးလစ်ရှ် ကတော့ ဟာလန်း ဟာ မယုံနိုင်လောက်အောင် ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

” အရိုးသားဆုံး ပြောရရင် မယုံနိုင်လောက်အောင် ကောင်းတဲ့ကောင်ပါပဲဗျာ ၊ ကျွန်တော့် ဘဝ တစ်လျှောက်လုံးမှာ သူ့လို ကစားသမားမျိုး တစ်ခါမှ မကြုံဖူးပါဘူးဗျာ ။ သူက ကျွန်တော်တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ ။ ”

” သူ ပထမ သွင်းဂိုး နဲ့ ဒုတိယ သွင်းဂိုး သွင်းတော့ ကျွန်တော် ရယ်ပဲ ရယ်နေမိပါတော့တယ် ။ သူက အမြဲတမ်း ဂိုးသွင်းဖို့ အသင့် ရှိနေတာပါ ၊ ကျွန်တော် လမ်းလျှောက်ပြန်ထွက်လာတဲ့ အချိန်မှာ ပြိုင်ဘက် ဂိုးသမား က ကျွန်တော့်နား ကပ်ပြီး ‘သူ(ဟာလန်း)က လူမဟုတ်ဘူးကွ’ ဆိုပြီး ပြောပါတယ် ။ ”

” ကျွန်တော်လည်း ‘ ငါ့ကို ပြောနေတာလား’ ဆိုပြီး ပြန်နောက်လိုက်တာပေါ့ဗျာ ၊ သူ ဒီပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ကျွန်တော်တို့ အသင်းကို အောင်မြင်မှုတွေဆီ ပို့ဆောင် ပေးနိုင်ဖို့ မျှော်လင့် ထားပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မန်စီးတီး အသင်း ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သုံးပွဲ ကစား သုံး ပွဲ နိုင် သွင်းဂိုး ၁၁ ဂိုး ပေးဂိုး ၁ ဂိုး နဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ် တည်နေပါတယ်။