ဟာလန်း မှာ စာချုပ် ဖျက်သိမ်းကြေး မရှိဘူး လို့ ပက် ငြင်းချက်ထုတ်ပြီး နော်ဝေသားရဲ့ ဂိုးသွင်းစွမ်းရည်ကို မယုံနိုင်စွာ ချီးကျူး

မန်စီးတီးနဲ့ အတူ အထူး ခြေစွမ်းပြ ဂိုးတွေ သွင်းနေတဲ့ တိုက်စစ်မှုး ဟာလန်းဟာ အသင်းနဲ့ စာချုပ်မှာ ၂နှစ် ကြာရင် စာချုပ် ဖျက်သိမ်းကြေးနဲ့ အသင်းပြောင်းခွင့် ထည့်သွင်းထားတယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စပိန်ဘက်က သတင်းတွေ အဆိုအရ ဟာလန်းဟာ ၂၀၂၄ မှာ စာချုပ် ဖျက်သိမ်းကြေး အသက် ဝင်မှာ ဖြစ်ပြီး ယူရို သန်း ၂ဝဝ ပြောင်းရွှေ့ကြေးနဲ့ အသင်း ပြောင်းနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ် ထံ ရောက်လာဖွယ် ရှိတယ် ဖော်ပြနေကြတာပါ။

ဒါပေမယ့် စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ဒီသတင်းတွေ မမှန်ကြောင်း ငြင်းချက် ထုတ်လိုက်ပါတယ်။

“ဟာလန်းကို ရောင်းချသွားရမယ်ဆိုတဲ့ အချက်ကို စာချူပ်မှာထည့်သွင်းထားတယ်ဆိုတဲ့အချက်က မှန်ကန်မှုမရှိပါဘူး။ ရီးရဲလ်မက်ဒရစ်ကို ရောင်းချသွားရမယ်ဆိုတာမျိုးတွေက ကောလာဟလတွေပါ။ ကျွန်တော်အထင်တော့ ဟာလန်း က မန်စီးတီးအသင်းမှာ မယုံကြည်နိုင်ရလောက်အောင် ပျော်ရွှင်နေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဟာလန်းဟာ မနေ့ညက မန်စီးတီးရဲ့ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာလည်း ပထမပိုင်းသာ ပါဝင် ကစားပေမယ့် ၂ ဂိုး သွင်းယူခဲ့ပြန်ပါတယ်။ ဟာလန်း ဒီလို ဂိုးသွင်းကြမ်းနေတာကို နည်းပြ ပက် ဂွာဒီယိုလာ ကိုယ်တိုင် မယုံနိုင် ဖြစ်နေပြီး ချီးကျူးစကား ဆိုခဲ့ရပါတယ်။

ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ ပက်သက်လို့ နည်းပြ ဂွာဒီယိုလာက “ဒီအရွယ်နဲ့ ဒီလိုစွမ်းဆောင် ပြနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ စွမ်းဆောင်ထားတဲ့ အချက်အလက်တွေက အံ့အားသင့်ဖွယ်ရာ ဖြစ်နေပါတယ်” လို့ ချီးကျူး ပြောဆို ခဲ့ပါတယ်။

မန်စီးတီးအသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာမှ နော်ဝေ လက်ရွေးစင်တိုက်စစ်မှုး ဟာလန်းကို ဒေါ့မွန်အသင်းကနေ ပူပူနွေးနွေး ခေါ်ယူထားတဲ့ ကစားသမားဖြစ်ပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အစပျိုးချိန်မှာပဲ ဟက်ထရစ် ၃ကြိမ်ရယူကာ အံ့အားသင့်ဖွယ် ဂိုးသွင်းစွမ်းရည်တွေကို ပြသထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။