မန်စီးတီးပရိသတ်နဲ့ အာဆင်နယ်ပရိသတ်တွေ ကွာတယ် ဆိုပြီး ဖာဒီနန်ကို ပြောပြတဲ့ ဂျေးဆု
ဒီနွေမှာ အမ်းမရိတ်ကို ပေါင် ၄၅ သန်းဖြင့် ပြောင်းခဲ့တဲ့ ဂျေးဆုဟာ နည်းပြအာတီတာရဲ့ အသင်းမှာ အဓိက တိုက်စစ်သမားအဖြစ် ခြေစွမ်းပြနေတာပါ။
ဟာလန်း ရောက်လာမှုနဲ့အတူ မန်စီးတီးက ထွက်ခွာခဲ့ပေမယ့် ဂျေးဆုကလည်း ပိုကောင်းတဲ့ နံပါတ် ၉ သမားအဖြစ် ဂန်းနားတို့အတွက် ခြေစွမ်းပြနေပါတယ်။ ဖာဒီနန်နဲ့ အင်တာဗျူး ပြောဆိုနေစဉ်မှာ အသင်းဟောင်း မန်စီးတီးနဲ့ လက်ရှိ ကလပ် အာဆင်နယ်ကြား ပရိသတ် အားပေးမှုနဲ့ပတ်သက်လို့ ဂျေးဆုက မှတ်ချက်ပေးပါတယ်။
ဂျေးဆုက ‘ အာဆင်နယ်အတွက် လက်မှတ်ထိုးပြီး ရက်နည်းနည်းအကြာမှာပဲ ကျနော် ဘရာဇီး စားသောက်ဆိုင်ကို သွားခဲ့ပါတယ်။ စားသောက်ဆိုင် အပြင်မှာ ကားနဲ့ ရပ်စောင့်နေချိန် အာဆင်နယ် ပရိသတ် အများအပြားက အသင်းထံ ပြောင်းလာတာအတွက် ကြိုဆိုကြောင်းတွေ လာနှုတ်ဆက်ကြတယ်။
အဲ့တာက မန်စီးတီးမှာနဲ့ ခြားနားတဲ့ ကိစ္စပါပဲ။ ကုန်ခဲ့တဲ့ ၁၀-၁၅ နှစ်အတွင်း မန်စီးတီးမှာ သက်ရောက်မှုကြီးတွေ ရှိခဲ့ပါတယ်။ အာဆင်နယ်ကတော့ နှစ်တွေအကြာကြီး သမိုင်းရှိတာပါ။ အဲ့တာက ခြားနားတာပါပဲ၊ ခင်ဗျားတို့လည်း သိပါတယ်။
အာဆင်နယ်ပရိသတ်တွေ ကျနော်ကို ကြိုဆိုပေးမှု သူတို့တွေ စကား ပြောပေးကြတာတွေက ကိုယ့်ကို အနီးကပ် အားပေးနေတယ်လို့ ခံစားမိစေတယ်။ ကိုယ်ကို ယုံကြည်မှုတွေလည်း တိုးစေတာပေါ့ဗျာ။ မန်စီးတီးပရိသတ်တွေကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်ပရိသတ်ကတော့ ခြားနားလွန်းပါတယ် ’ လို့ နှိုင်းယှဉ်ပြခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်မှာ ပုံမှန်ပွဲကစားခွင့် ရနေသလို ဂိုးတွေ သွင်းယူနေတာကြောင့် ကိုယ်ဘာသာ ပိုပြည့်စုံတဲ့ နံပါတ် ၉ ကစားသမား ဖြစ်လာတယ်လို့ ထင်မိလားဆိုပြီး ဖာဒီနန်က မေးပါသေးတယ်။
ဂျေးဆုက ‘ မေးခွန်းကောင်းပါပဲ။ ဒီမေးခွန်းကို သေချာတော့ မဖြေနိုင်ပါဘူး။ ကျနော် ဂိုးတွေ သွင်းချင်တယ်၊ ဂိုးရလိုရင် ဧရိယာထဲမှာ ရှိနေဖို့ လိုပါတယ်။ ကျနော် ဧရိယာထဲ ဝင်ချင်တယ်ဆိုရင် အတွင်းထိ ဆင်းတာတွေကို အများကြီး မလုပ်နိုင်တော့ဘူး။ အဲ့လိုလုပ်ရင် ဧရိယာထဲမှာ ကျနော် မရှိနေနိုင်ဘူး။
ဒါပေမယ့် တခါတလေတော့ အခြား အသင်းဖော်တွေအတွက် ဖန်တီးမှုတွေ လုပ်ပေးဖို့ ကျနော် ကြိုးစားပါတယ်။ ကျနော်က ဒီဘရိုင်း မဟုတ်ဘူး၊ ကျနော်က အိုဒီဂတ် မဟုတ်သလို ရှာခါလည်း မဟုတ်ဘူး။ ဒါပေမယ့် အတွင်းထိ ဆင်းပြီး အသင်းကို ကူညီပေးဖို့ ကြိုးစားပါတယ်။
မန်နေဂျာတွေကလည်း ခြားနားပါတယ်။ စီးတီးမှာ ပိုပြီး ဆင်းကစားရပေမယ့် အခုကတော့ ပိုပြီး ဟန်ချက်ညီညီ ကစားရတယ်၊ ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ တိုက်စစ်မှာ ကစားရတယ်လို့ ထင်ပါတယ် ’ လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
