ဟာလန်း အစဉ်အလာ မပျက် ဂိုးသွင်းပြီး မန်စီးတီး ဂိုးပြတ်နိုင်ပွဲရကာ ဇယားထိပ်ကို တက်ရောက်ခဲ့တဲ့ စိန့် နိုင်ပွဲ
မန်ချက်စတာစီးတီးအသင်း ဟာ ဆောက်သမ်တန် အသင်းကို စနေနေ့ည အီတီဟက်မှာ ဧည့်ခံ ကစားရာ ၄-ဝ နဲ့ ဂိုးပြတ် အနိုင်ယူလိုက်ပါတယ်။
ဒီပွဲမှာ မန်စီးတီက ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကေ၊ အာကန်ဂျီနဲ့ ကန်ဆယ်လို တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အပြောင်းအလဲလုပ်ခဲ့သလို ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဖိုဒန်၊ မာရက်ဇ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဆောက်သမ်တန်တို့ကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘယ်လာ-ကော့ချက်ပ်၊ ဆာလီဆူး၊ ဝေါ်လ်ကာ-ပီတာစ်နဲ့ ပေရိုတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ဒီယာလို၊ ဝါ့ဒ်-ပရောက်စ်၊ စတူးဝပ် အမ်းစ်ထရောင်း၊ အရီဘိုတို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အဒမ် အမ်းစ်ထရောင်းနဲ့ ရှေအက်ဒမ်စ်တို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၄ မိနစ်မှာ မန်စီးတီးတို့ တန်ပြန်တိုက်စစ်ကနေ ဖိုဒန်က လျှပ်တစ်ပြက် ပေးတဲ့ ဘောလုံးကို ဟားလန်းက ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ရာမှာ ဘယ်ဘက်တိုင်နဲ့ ထိထွက်ခဲ့လို့ နစ်နာခဲ့ရပြီး တိုက်စစ်မှာ မာရက်ဇ်နဲ့ ဖိုဒန်တို့ကို သုံးခဲ့တာနဲ့ ဘာနာဒို ဆေးလ်ဗားက ကွင်းလယ်မှာ ရှိနေခဲ့တာတွေက အသင်းမှာ ဘယ်ခြေသန်သူတွေ များလွန်းပြီး မညီမျှစေတာကြောင့် တိုက်စစ်က ဘောလုံးလမ်းကြောင်းတွေကို ထိခိုက်ခဲ့တာပါ။
ပွဲချိန် မိနစ် ၂၀ မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဖိုဒန် ဘောလုံးပေးအပြီးမှာ ပြစ်ဒဏ် ကျူးလွန်ခံခဲ့ရပေမယ့် ဒိုင်လူကြီးက ဆက်ကစားစေခဲ့ရာမှာ ဘယ်တောင်ပံကနေ ရသွားခဲ့တဲ့ ကန်ဆယ်လိုက အတွင်းကို ဆွဲဝင်ပြီး ကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။
ဆောက်သမ်တန်တို့ရဲ့ High Press လုပ်ခဲ့တဲ့ ဗျူဟာက မန်စီးတီးတို့ကို ထင်တိုင်းမပေါက်ဘဲဖြစ်စေပြီး ဘောလုံးလမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ခဲ့သလို အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့ အချိန်ယူခဲ့ရပြီး မာရက်ဇ်ကတော့ ညာခြမ်းမှာ တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေခဲ့တာနဲ့ သူ့ကို နောက်ကနေ ညာနောက်ခံလူအစစ် မဟုတ်တဲ့ အာကန်ဂျီက မကူနိုင်တာတွေက အိမ်ရှင်တွေကို ရုန်းကန်စေခဲ့ရတာပါ။
ပွဲချိန် ၃၂ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒီဘရိုင်းနားက ဆောက်သမ်တန်ခံစစ်ကြား နေရာလွတ်ကို ခင်းပေးတဲ့ ဘောလုံးကို ဖိုဒန်က တစ်ချက်ထိန်းပြီး ထွက်လာခဲ့တဲ့ ဂိုးသမား ဘာဇူးနူးအပေါ်ကနေ ကျော်သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ပဲ ဆက်လက်ဖိကစားခဲ့သလို ဆောက်သမ်တန်တို့ကတော့ ပထမပိုင်းကလောက် အဖျက်မကောင်းတော့ဘဲ ဖိအားပေးနိုင်မှု နည်းလာခဲ့တာကြောင့် ခံစစ်မှာ ရုန်းကန်နေခဲ့ရသလို ဟားလန်းကတော့ ဧရိယာထဲမှာ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးရဖို့ ခက်နေခဲ့တာပါ။
ပွဲချိန် ၄၉ မိနစ်မှာတော့ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကန်ဆယ်လိုက တင်ပေးမလိုနဲ့ နောက်ပြန်ပေးခဲ့တဲ့ ဘောလုံးကို ရိုဒရီက ညာခြမ်းကို ထောင့်ဖြတ် လှမ်းမ,ပေးခဲ့တဲ့ ပေးပို့မှုကို အသင့်နေရာယူထားတဲ့ မာရက်ဇ်က မြေထောက်ပြီး ပတ် ကန်သွင်းယူခဲ့လို့ ဂိုးသမား ဘာဇူးနူး ခံလိုက်ရတာဖြစ်ပါတယ်။
ပွဲချိန် ၅၈ မိနစ်မှာတော့ ဖိုဒန်အစား ဂရီးလစ်ရှ် ဝင်လာခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ စီးတီးတို့ စတုတ္ထဂိုး ထပ်မံရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကန်ဆယ်လိုက ဂရီးလစ်ရှ်နဲ့ ဝမ်းတူးရိုက်ပြီး ချိုးပေးတဲ့ အနိမ့်ဘော ပေးပို့မှုကို ဟားလန်းက အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘာဇူးနူး ပေါင်ကြားက ဝင်သွားခဲ့လို့ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ စီးတီးတို့ဘက်က ဒီဘရိုင်းနား၊ ကန်ဆယ်လို၊ မာရက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့အစား အယ်လ်ဗာရက်ဇ်၊ ဂိုမက်ဇ်၊ ပါးလ်မားနဲ့ ရီကို လူးဝစ္စတို့ကို လဲကစားသွားခဲ့ပြီး ဟားလန်းကိုတော့ ကွင်းထဲမှာ ဆက်ထားခဲ့သလို ဒီနောက်ပိုင်းမှာတော့ လူငယ်အများစုဖြစ်သွားတဲ့ ကွင်းလယ်ကို ဆောက်သမ်တန်တို့ ယှဉ် ကစားလာနိုင်ခဲ့ပေမယ့် ရလဒ်ကတော့ မပြောင်းလဲဘဲဖြစ်ခဲ့ရပါတယ်။
ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်း အစ်တီဟတ်မှာ မန်စီးတီးတို့ လေးဂိုး-ဂိုးမရှိနဲ့ ပေါလ်မာဆန် ခန့်မှန်းထားတဲ့ ရလဒ်အတိုင်း အောင်ပွဲခံခဲ့ကြပြီး ဒီပွဲရလဒ်နဲ့ အနိုင်သုံးမှတ်ကြောင့် ၉ ပွဲကစား ၇ ပွဲနိုင် ၂ ပွဲသရေ၊ ရမှတ် ၂၃ မှတ်နဲ့ အာဆင်နယ်တို့ မကစားခင် စနေနေ့မှာ အမှတ်ပေးဇယားထိပ်ကို တက်ရောက်နေရာယူနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။