စိတ်ချရတော့မယ့် ဖိုဒန်၊ ဟာလန်းနဲ့ ဒီဘရိုင်းတို့ စံချိန်သစ်များနဲ့ မန်စီးတီး ၄-၀ ဆောက်သမ်တန် ပွဲစဉ်မှ ပြောစရာ အချက်များ
မနေ့ည ကစားခဲ့တဲ့ မန်စီးတီးနဲ့ ဆောက်သမ်တန်တို့ရဲ့ ပွဲစဉ်ကတော့ ထုံးစံအတိုင်း မန်စီးတီးက သူတို့ရဲ့ အိမ်ကွင်းမှာ သူ့ခြေသူ့လက် ကစားသွားနိုင်ခဲ့ပြီး ကန်ဆယ်လို၊ ဖိုဒန်၊ မာရက်ဇ်၊ ဟာလန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၀ နဲ့ ဂိုးပြတ် အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။
ဒီပွဲစဉ်မှာ စိတ်ဝင်စားဖွယ် အချက် ၄ ချက် ကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
အိမ်ကွင်းမှာ ဆက်တိုက် ဂိုးမိုးရွာချနေတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ ယခုရာသီမှာ ၎င်းတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ၄ ဂိုးအထက် သွင်းယူနိုင်ခဲ့တဲ့ပွဲစဉ် ၅ ပွဲအထိ ရှိနေပြီး ဘုန်းမောက် ကို ၄ ဂိုးပြတ်၊ ပဲလေ့စ်ကို ၄ ဂိုး ၂ ဂိုး၊ နော့သင်ဟမ်ဖောရက်စ်ကို ၆ ဂိုးပြတ်၊ ယခုတစ်ခေါက် ဆောက်သမ်တန် ပွဲစဉ်အပါအဝင် မန်ချက်စတာယူနိုက်တက်ကိုလည်း ၆-၃ နဲ့ အနိုင်ရယူထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။
စံချိန်သစ်တစ်ခု ထပ်ရခဲ့တဲ့ ဟာလန်း
မန်စီးတီးအသင်းအတွက် ယနေ့ပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ဟာလန်းဟာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို သွင်းဂိုး ၁၅ ဂိုးနဲ့ ဆက်လက်ဦးဆောင်နေသလို ၁၀ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် ဆယ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ယခုစံချိန်ကို ပထမဆုံးတင်နိုင်ခဲ့သူကတော့ ဘိုင်လီ မက်အဒမ်ဖြစ်ကာ ၎င်းအနေနဲ့ လွန်ခဲ့တဲ့ ၁၉၅၇ ခုနှစ်က ဆယ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ အပြင် ပရီးမီးယားလိဂ် ၉ ပွဲကစားပြီး သွင်းဂိုး ၁၅ ဂိုးအထိ ရယူနိုင်ခဲ့တဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ဖြစ်ခဲ့တဲ့ ဒီဘရိုင်း ရဲ့ ပွဲ ၃၀ ကစား၊ ၁၅ ဂိုးသွင်း စံချိန်ကိုလည်း စောစီးစွာ လိုက်မှီထားနိုင်ခဲ့တာ တွေ့ရပါတယ်။
ကာတာ ကမ္ဘာ့ဖလားအတွက် အာမခံချက် ရရှိခဲ့တဲ့ ဖိုဒန်
မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်တန်းတွေကို အကြိမ်ကြိမ် အရူးလုပ်နိုင်ခဲ့တဲ့ ဖိုဒန်ဟာ ယခုရာသီ နေရာစုံကနေ တောက်လျှောက် ခြေစွမ်းပြသနေသူ တစ်ယောက်ဖြစ်ပြီး လာမယ့် ကမ္ဘာ့ဖလားမှာတော့ အရံအနေနဲ့လောက်သာ မဟုတ်တော့ပဲ ဆောက်ဂိတ်အားကိုးရမယ့် အဓိက တိုက်စစ်ကစားသမားစာရင်းထဲ သေချာပေါက် ဝင်ရောက် လာရတော့မှာပါ။
ဖိုဒန်ဟာ ယခုရာသီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ၉ ပွဲကစားထားပေးပြီး သွင်းဂိုး ၆ ကြိမ်နဲ့အတူ ဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာကြောင့် အင်္ဂလန်ရဲ့ အထွန်းတောက်ဆုံး မျိုးဆက်စာရင်းကို ဆက်လက်ဦးဆောင်နေပြီး ၎င်းရဲ့ နေရာစုံ ကစားနိုင်မှုကြောင့် ယခုလို ဂွာဒီယိုလာ လက်စွဲကစားသမားအဖြစ် ရပ်တည်ခွင့်ရနေတာ ဖြစ်ပါတယ်။
စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဒီဘရိုင်း
ယနေ့ပွဲမှာ ဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဖန်တီးမှု အများဆုံး စံချိန်တင်ထားတဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း ဒေးဗစ်ဆေးလ်ဗားရဲ့ ဖန်တီးမှု ၉၃ ကြိမ်ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်နိုင် ခဲ့ပြီး ဖန်တီးမှု ၉၄ ကြိမ်နဲ့ ပရီးမီးယားလိဂ် စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။