လီဗာပူးနဲ့ ပွဲအတွက် လူချန်လိုက်လို့ ချန်ပီယံလိဂ် သွင်းဂိုးရော နိုင်ပွဲပါ ပျောက်သွားခဲ့ရတဲ့ မန်ချက်စတာ စီးတီး

မန်စီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ တွေ့ရမဲ့ လီဗာပူး ပွဲအတွက် လူ ချန်ပြီး အာလင်း ဟာလန်းကို အရန်ခုံ ထိုင်စေခဲ့တဲ့ပွဲမှာတော့ မန်စီးတီးအနေနဲ့ အခက်အခဲတွေ၊ ကံဆိုးခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ရိုဒရီရဲ့ သိပ်လှလွန်းတဲ့ ဂိုးတဂိုးကို ကစားကွက် တည်ဆောက်မှုမှာ မာရက်ဇ် လက်ထိခဲ့တယ်ဆိုပြီး VAR ပြန်ကြည့်အပြီးမှာ ဒိုင်က ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ ထို့အတူပဲ ကိုပင်ဟေဂင်က လက်ထိဘောကိုလည်း VAR ပြန်ကြည့်ပြီး မန်စီးတီးအတွက် ပယ်နယ်တီ ဖြစ်စေခဲ့တယ်။ အဲဒီနောက် မန်စီးတီးရဲ့ ဂိုးမက်ဇ်ကို VAR ကြည့်ပြီး ထုတ်ပယ်ခဲ့တယ်။

ဆုံးဖြတ်ချက်တွေက ပြင်းထန်ပြတ်သားလွန်းတယ် ထင်ရပေမဲ့ ဖြစ်ရပ်သုံးခုထဲမှာ လက်ထိဘောနှစ်ခုက မဖြစ်မနေ ပေးရမဲ့ ပြစ်ဒဏ်ဘောတွေဖြစ်ပြီး ဟာရယ်ဆန်ကို သေချာပေါက် ဂိုးဝင်နိုင်တဲ့ အနေအထားမှာ ဆွဲလှဲခဲ့တဲ့ ဂိုးမက်ဇ် အတွက်လည်း အနီကဒ်မှ တပါး ရွေးစရာ မရှိခဲ့ပါဘူး။

ပထမတုန်းကတော့ ကွင်းလယ်ဒိုင်က သူ့ဟာသူ ဟန်ချက်ပျက် လဲခဲ့တယ်ထင်ပြီး မပေးခဲ့ပေမဲ့ VAR ဒိုင်ရဲ့ တိုက်တွန်းချက်အရ ကွင်းတွင်း မော်နီတာဆီ ရောက်သွားချိန်မှာတော့ အနီကဒ် ဖြစ်သွားခဲ့တာပါ။

အဲဒီမတိုင်ခင်အထိ အယ်ဗာရက်ဇ် ဦးဆောင်လာတဲ့ မန်စီးတီး တိုက်စစ်ဟာ သူ့အနေအထားနဲ့သူတော့ ကစားပုံ ကောင်းခဲ့ပါတယ်။ ကိုပင်ဟေဂင်ကို အဆက်မပြတ် ဖိအားပေးထားနိုင်ပြီး အခွင့်အရေးအချို့လည်း ရခဲ့ပါတယ်။ ရိုဒရီရဲ့ ရော့ကတ်ကန်ချက် ပယ်ဖျက်ခံလိုက်ရတာ ကတော့ နှမြောစရာပါ။

မာရက်ဇ်ဟာ အဲဒီ အဖွင့်ဂိုးမှာရော ပယ်နယ်တီမှာရော ဗီလိန်ဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ကစားပုံအရလည်း သူ့ရဲ့ ညာခြမ်းက ထိရောက်မှု သိပ်မရှိခဲ့ချိန်မှာ သေချာပေါက် ဂိုးရနိုင်တဲ့ ဂိုးရခဲ့တဲ့ အခွင့်အရေးတွေဟာ သူ့ကြောင့် လေလွင့် သွားခဲ့ရတာ ဖြစ်တယ်။

ပယ်နယ်တီကန်သွင်းယူခဲ့ရာမှာ မာယာသိပ်မပါသလို ကန်ချက်လည်း လိုသွားခဲ့တာကြောင့် ကိုပင်ဟေဂင် ဂိုးသမား ကာကွယ် သွားနိုင်ခဲ့တယ်။ ဂိုးမက်ဇ် ထုတ်ပယ်ခံရပြီးနောက်မှာတော့ ဂွာဒီယိုလာဟာ သူ့ကို ဒီယာစ်နဲ့ လူစားလဲ လိုက်ပါတော့တယ်။

တယောက်လျော့ သွားပေမဲ့လည်း မန်စီးတီးဟာ နောက်ပိုင်းပွဲချိန်တွေမှာ အသင်းကြီး ပီသစွာ လွှမ်းမိုးကစားနိုင်ဆဲ ဖြစ်ပြီး ဒီယာစ် ဝင်လာပြီးနောက် ဘယ်စွန်ပြန်ရောက်လာတဲ့ ကန်ဆယ်လိုနဲ့ ဂရီးလစ်ရှ်တို့ရဲ့ ဘယ်ခြမ်းကနေ တိုက်စစ် လမ်းကြောင်းတွေ အဓိက စတင်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း ဂိုးပေါက်ခြိမ်းခြောက်မှုတော့ သိပ်မလုပ်နိုင်ခဲ့ဘဲ တယောက် အသာရသွားသလို စိတ်ဓာတ်လည်း တက်နေတဲ့ ကိုပင်ဟေဂင်ကလည်း မန်စီးတီးအသင်း ဘောလုံးဆုံးရှုံးတဲ့အချိန်တိုင်းမှာ ပိုမိုထိရောက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပြီး အမှတ်ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂွာဒီယိုလာဟာ ဖိုဒန်၊ ဘာနာဒိုတို့ကိုထည့်ပြီး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်တော့ ထူးလာခြင်း မရှိဘဲ စိတ်ဓာတ်ရော၊ ခြေစွမ်းပိုင်းပါ မာကျောခဲ့တဲ့ ကိုပင်ဟေဂင်ကို မကျော်နိုင်တော့ဘဲ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။