ဂန္တဝင်ကြီးတွေနဲ့ နှိုင်းကာ တခေတ်မှာ တယောက် ပေါ်ထွန်းလာတဲ့ တိုက်စစ်မှုးလို့ ဟာလန်း ကို အဂူရို အမွှန်းတင် ချီးကျူး

မန်ချက်စတာ စီးတီး ဂန္တဝင် တိုက်စစ်မှူးကြီး ဆာဂျီယို အဂူရိုကတော့ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့ အတူ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ နော်ဝေ ဂိုးသွင်းစက် အာလင်း ဟာလန်းကို ဂန္တဝင် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရော်နယ်ဒို (ဘရာဇီး)၊ မက်ဆီ၊ မာရာဒိုနာ၊ အီဘရာဟီမိုဗစ် စတဲ့ ဂရိတ် တိုက်စစ်မှူးတွေနဲ့ ခိုင်းနှိုင်းကာ ချီးကျူးမှုသွားခဲ့ပါတယ်။

ဟာလန်းက မန်ချက်စတာ စီးတီးဆီ ယခုနှစ် ဘောလုံးရာသီမှာမှ ရောက်ရှိလာသူ ဖြစ်ပေမယ့် အသင်းနဲ့ ချက်ချင်း ဆိုသလို အထိုင်ကျခဲ့သလို ဖိုဒန်၊ ဒီဘရိုင်းတို့နဲ့ အကောင်းဆုံး တွဲဖက် ကစားထားနိုင်ပြီး မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲသာ ပါဝင် ကစားပေးထားပေမယ့် သွင်းဂိုး ၂၀ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ အဂူရိုကလည်း ဟာလန်းဟာ တခေတ်မှာ တယောက်သာ ပေါ်ထွက်လာနိုင်တဲ့ ရှားရှားပါးပါး တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အဂူရိုက – “ကျွန်တော့်ကို အံ့အားသင့်စေခဲ့တဲ့ တိုက်စစ်မှူးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲက တယောက်ဟာ ရော်နယ်ဒို နာဇာရီယိုပါ။ ရော်နယ်ဒိုက သူဟာ ပြီးပြည့်စုံတဲ့ ကစားသမားတွေထဲက တယောက် ဖြစ်ကြောင်းကို အကြိမ်တိုင်း ပြသနိုင်ခဲ့သလို ဂိုးဧရိယာထဲမှာ အန္တရာယ် အရှိဆုံး တိုက်စစ်မှူး တဦးပါ။

ဘောလုံးလောကရဲ့ ခေတ်တခုဆီတိုင်းမှာ အဲ့ဒီလို ကစားသမားမျိုး ၂ယောက် ၊ ၃ယောက် ရှိတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကစားပုံတွေက ကွဲပြားမှုတွေ ရှိတတ်ပါတယ်။ မာရာဒိုနာ ၊ ရိုမာရီယို ၊ လီဝမ်ဒေါစကီး ၊ အီဘရာဟီမိုဗစ် ၊ မက်ဆီ။ သူတို့အားလုံးက ကိုယ်စီ ကိုယ်စီ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် သူတို့အားလုံးမှာ တူညီတဲ့ အချက်က သွင်းဂိုးတွေကို အလွယ်လေး သွင်းယူနိုင်တာပါပဲ။

ဟာလန်းကလည်း အဲ့ဒီလို တိုက်စစ်မှူးမျိုးပါ။ ဟာလန်းက ထိရောက်တဲ့ ကစားပုံမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ သူက အားကစားစိတ်ဓာတ် ပြည့်ဝတယ်။ သွင်းဂိုးတွေကို ဘယ်လို သွင်းယူရမလဲ ဆိုတဲ့ ကြိုသိနေတတ်တယ်။ ဒါတွေကြောင့်ပဲ သူက အန္တရာယ် ရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်နေတာပါ။

သူက ငယ်ရွယ်သေးသလို အလားအလာကောင်းတွေ အများကြီးလည်း ရှိပါတယ်။ ဒါကြောင့် သူက စံချိန်အများကြီးကို ချိုးဖျက်နိုင်ပါလိမ့်မယ်။ သူ့အတွက် အရေးအကြီးဆုံးက ဒီခြေစွမ်းကို ရေရှည်မှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ပါပဲ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီတီးထံ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။