ဂွာဒီယိုလာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ ပါ လို့ ကလော့ပ် ပွဲကြို ချီးကျူးစကား ဆို
လီဗာပူးအသင်း နည်းပြ ယာဂင် ကလော့ပ်က ယနေ့ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးနည်းပြပါလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးက အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မာနေးကို ဆုံးရှုံးလိုက်ရမှု ၊ အသင်းအတွက် အကျိုးပြုနေတဲ့ ကစားသမားတွေ မကြာခဏ ဒဏ်ရာရနေမှု ၊ အရန်အင်အား မတောင့်တင်းမှုတို့ကြောင့် ရလဒ်တွေ ဆက်တိုက် ဆိုးထားပါတယ်။
ဒီနေ့ည ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ပွဲဟာ လီဗာပူး အတွက် မဖြစ်မနေ အနိုင်ရအောင် ကြိုးစားရမယ့် ပွဲတပွဲ ဖြစ်ပြီး ကလော့ပ်ကတော့ မန်ချက်စတာ စီးတီးနဲ့ ကစားရမယ့် ပွဲမတိုင်မီမှာပဲ ဂွာဒီယိုလာဟာ ကမ္ဘာ့ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း ကြိုတင် ချီးကျူးသွားခဲ့ပါတယ်။
ကလော့ပ်က – “ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြပါ။ ဒါကိုလည်း သူက နေ့စဉ်နေ့တိုင်း သက်သေပြနေပါတယ်။ ကျွန်တော်က သူ့ကို ရင်ဆိုင်နိုင်ဖို့ အတွက် အကောင်းဆုံး ဖြေရှင်းနည်းကို ပြောရမယ် ဆိုရင်တော့ ပြီးခဲ့တဲ့ ၄နှစ်စလုံး သူ့ကို ခွင့်ယူခဲ့စေချင်တယ်ဗျာ (ရယ်လျက်)” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးနဲ့ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးတို့က နောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းနှစ်သင်း ဖြစ်သလို သူတို့နှစ်သင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အပြိုင်အဆိုင် ယှဉ်လုကြရတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင်လည်း မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် နောက်ဆုံးပွဲ အထိ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြရပါတယ်။