ဘရူနို ဖာနန်ဒက်စ် ကို ပွဲထွက်ကနေ ချန်လှပ်ထားပြီး စောင့်ကြည့်ဖို့ နည်းပြ တန်ဟက်အား တိုက်တွန်းမှု
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် အနေနဲ့ ဘရူနိုဖာနန်ဒက်စ် ကို သူ့ရဲ့အကောင်းဆုံးပုံစံ ပြန်ရှာတွေ့နိူင်အောင် အကူအညီပေးဖို့ လူစာရင်းကနေ ချန်လှပ်ထားသင့်တယ်လို့ လီဗာပူး ကွင်းလယ်ဟောင်း ဒန်နီမာဖီက အကြံပြုလိုက်ပါတယ်။
ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ သူ့ရဲ့ ဂိုးနဲ့ဖန်တီးမှုအရေအတွက်က အံဩစရာကောင်းအောင် နည်းပါးသွားတာပါ။ ကလပ်မှာ ပထမရာသီအတွင်း ပျှမ်းမျှ ၇၉မိနစ်တိုင်း ဂိုးဒါမှမဟုတ်ဖန်တီးမှု တစ်ကြိမ် လုပ်နိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ဂိုးဒါမှမဟုတ်ဖန်တီးမှု တစ်ကြိမ်ရဖို့ ပျမ်းမျှ ၄၀၅ မိနစ်အထိ ကြာနေပါတယ်။
ပေါ်တူဂီသားဟာ ပရီးမီးယားလိဂ် ၉ပွဲမှာ ဂိုးနဲ့ဖန်တီးမှု တစ်ကြိမ်စီ ပြုလုပ်ထားပြီး ယူရိုပါလိဂ် ၄ပွဲမှာ ဖန်တီးမှု တစ်ကြိမ် ရရှိထားတာပါ။

မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းမှာ နယူးကာဆယ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် မာဖီဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်ခဲ့ပြီး သူ့ကို အသင်းကနေ ဖယ်ထုတ်ထားတာက အကျိုးရှိစေနိူင်တယ်လို့ အကြံပြုခဲ့ပါတယ်။
“ဂိုးနဲ့ ပါဝင်ပတ်သက်မှု ကင်းမဲ့နေတာက ဖန်တီးမှုအကောင်းဆုံး ကစားသမားတစ်ယောက် အတွက် တကယ်ကို စိုးရိမ်စရာပါ။ အဲရစ်ဆင် ပြန်လာရင် တန်ဟက်အနေနဲ့ ဖာနန်ဒက်စ်ကို ခဏလောက် အသင်းကနေ ဖယ်ထုတ် ထားသင့်တယ်လိူ့ ထင်တယ်။ သူ့ကို အပြစ်ပေး ဆုံးမသလိုပေါ့။
ဒါတွေက သူ့ရဲ့အချက်အလက်တွေကို တိုးတက်လာစေနိုင်လားဆိုတာ ကြည့်ရမယ်။ ဘာလို့လဲဆိုတော့ ကစားသမားတိုင်း က အဲ့လိုအရာကို လိုအပ်ပါတယ်” လို့ မာဖီက ပြောပါတယ်။
အဲရစ်ဆင်ဟာ ဒဏ်ရာကြောင့် နယူးကာဆယ်နဲ့ပွဲကို လွဲချော်ခဲ့ပေမယ့်လဲ တန်ဟက်ဟာ ဖာနန်ဒက်စ်နဲ့ လိုက်လျော ညီထွေဖြစ်အောင်လိူ့ သူ့ကို နေရာမျိုးစုံမှာ အသုံးချခဲ့တာပါ။
ယူနိုက်တက်ရဲ့ ကွင်းတွင်းကွင်းပြင်ပ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ သူ့ခြေစွမ်းအပေါ် မေးခွန်း ထုတ်မှုတွေ လများစွာ ခံခဲ့ရသလို ခက်ခဲတဲ့ ကာလကို ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။
