သူ့ကို အကြွေစေ့နဲ့ ဝိုင်းပေါက်ကြတဲ့ လီဗာပူး ဖန်တွေကို ခပ်ထေ့ထေ့ပဲ တုန့်ပြန် ပြောဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ပက် ဂွာဒီယိုလာ ဟာ လီဗာပူးနဲ့ပွဲမှာ မန်စီးတီးရဲ့ သွင်းဂိုး ပယ်ဖျက်ခံလိုက်ရတာကို စိတ်ပျက်နေခဲ့ပေမယ့် သူ့ကို အကြွေစေ့တွေနဲ့ ပစ်ပေါက်တဲ့ကိစ္စကို အရေးမစိုက်ပဲ ထားခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ စီးတီး ဟာ မိုဆာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အန်ဖီးမှာ အရေးနိမ့်ခဲ့ပြီး ယခုရာသီ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတာပါ။

ဆာလာမတိုင်ခင် ဖီးဖိုဒန်က အရင်ဂိုးသွင်းခဲ့တာနဲ့အတူ စီးတီးတို့ ဦးဆောင်ဂိုးရပြီလို့ထင်ခဲ့တာဖြစ်ပေမယ့် VAR ကြောင့် ဂိုးပယ်ဖျက်ခံလိုက်ရတဲ့အပြင် VAR ကြည့်နေတုန်း ပွဲကြည့်စင်ကနေ ပက်ဂွာဒီယိုလာကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ကွင်းပရိသတ်တွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ပရိသတ်တွေက အကြွေစေ့၊ အရာဝတ္တုတွေနဲ့ ပစ်ပေါက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကို မထိခဲ့ပါဘူး။ နောက်တခါကျရင်တော့ သေချာလေး ချိန်ပစ်ကြပေါ့ဗျာ” လို့ မှတ်ချက်ပေးခဲ့တာပါ။

ကစားကွက်တည်ဆောက်မှုမှာ ဖာဘင်ညိုအပေါ် ဟာလန်းရဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကြောင့် ဖိုဒန်ရဲ့သွင်းဂိုး ပယ်ဖျက်ခံရတဲ့အပေါ်မှာလဲ သူက –

“ဒိုင်က ပွဲကို ဆက်ကစားဖို့ ပြောခဲ့တာပါ။ ဒီလိုပြစ်ဒဏ်ကျူးလွန်မှုမျိုးက သန်းပေါင်းများစွာ ရှိခဲ့တာကို အခုကျမှ အရေးတယူလုပ်နေတာက ကျွန်တော်တို့ ဂိုးရသွားခဲ့လို့ပဲ။ မဟုတ်ရင် အဲ့လိုပယ်ဖျက်ခံရမှာမဟုတ်ဘူး။ ကျွန်တော်တို့ အမှားလုပ်မိလို့ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့် ကွင်းက အန်ဖီးဖြစ်နေတာကြောင့်လဲ ပါတာပေါ့” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အတွက် ရှားရှားပါးပါး ရှုံးပွဲတွေ့သွားတာကြောင့် သူတို့ဟာ အခုဆိုရင် ဇယားထိပ်က အာဆင်နယ်နဲ့ ၄မှတ် ကွာဟသွားခဲ့ပါတယ်။

စီးတီးဟာ ၂၀၂၁ ဩဂုတ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် အဝေးကွင်း ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး သူတို့ရဲ့လိဂ်သမိုင်းမှာ အဝေးကွင်း ၂၂ပွဲဆက် မရှုံးခဲ့တဲ့ စတုတ္ထမြောက် အကြာဆုံး မှတ်တမ်းကို အဆုံးသတ် သွားစေခဲ့တာလဲ ဖြစ်ပါတယ်။