ကိန်းကို အိပ်ကပ်ထဲ ထည့်ခဲ့တဲ့ မာတီနက်ဇ်၊ ကောင်းလာတဲ့ ဒါလော့၊ ဒိုလေးနဲ့ လမ်းခွဲချိန် စတဲ့ မန်ယူရဲ့ စပါးကို နိုင်ပွဲမှ ပြောစရာ အချက်များ
မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာ ယူနိက်တက်နဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ယူနိုက်တက်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ နည်းပြ ကွန်တီရဲ့ စပါးအသင်းကို တစ်ပွဲလုံး ဖိအားပေးကစားနိုင်ခဲ့ပြီး ဖရက်ဒ်၊ ဖာနန်ဒက်စ်တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ စီရိုနယ်ဒို မပါဝင်ခဲ့ပေမယ့် တိုက်စစ်ကို ရက်ရ်ှဖို့ဒ်က အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး နည်းပြ တန်းဟက်ဂ်လိုချင်တဲ့ ကစားပုံမျိုး ဖြစ်ခဲ့ကာ ဒီရာသီ နည်းပြ တန်းဟက်ဂ် လက်အောက် ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးခြေစွမ်း လို့တောင် ပြောလို့ ရနေခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနိုင်ပွဲမှာ သတိပြုမိစရာ အချက် တွေကို ဖော်ပြပေးပါမယ်။
(၁) လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ စီ ရော်နယ်ဒို
နည်းပြ တန်းဟက်ဂ်အနေနဲ့ ဒီပွဲမှာ ရော်နယ်ဒိုကို အရန်ခုံမှာ ထိုင်စေခဲ့တာကို ပွဲမစမှီကတည်းက သတင်းတွေရဲ့ ခေါင်းကြီး ပိုင်းမှာ ဖော်ပြခဲ့ကြတာပါ။ စပါးနဲ့ ပွဲမှာတော့ ရက်ရ်ှဖို့ဒ်ကိုသာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုပြီး ရက်ရ်ှဖို့ဒ်အနေနဲ့ ဒီပွဲမှာ ဂိုးမရခဲ့ပေမယ့်လည်း သူ့ရဲ့ ကန်သွင်းချက်တွေကတော့ တော်တော်လေး ကောင်းမွန်ခဲ့ကာ စပါးဂိုးသမား လိုရစ် လက်စွမ်းပြနေခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ဒီပွဲမှာ ပွဲချိန် မိနစ်၄၀ ကတည်းက သွေးပူလေ့ကျင့်ခန်းလုပ်ပြီး လူစားလဲမလားလို့ မျှော်လင့် ခဲ့ပေမယ့် တန်းဟက်ဂ်အနေနဲ့ လိုက်လျောခဲ့ခြင်းမရှိတာကြောင့် ပွဲချိန် ၈၉ မိနစ်မှာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကာ ရော်နယ်ဒိုနဲ့ ယူနိက်တက်တို့ရဲ့ နေဝင်ချိန်က တဖြည်းဖြည်းရောက်လာပြီလို့ ဆိုရဖွယ် ရှိနေခဲ့တာပါ။
(၂) တဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့ တန်းဟက်ဂ်ရဲ့ ကစားပုံ
နည်းပြ တန်းဟက်ဂ်အနေနဲ့ ယူနိက်တက်ကို ကိုင်တွယ်ခဲ့တာ ၃ လနီးပါးရှိလာခဲ့ပြီးနောက် တန်းဟက်ဂ်ရဲ့ ကစားပုံဟာ တဖြည်းဖြည်း ပေါ်လွင်လာခဲ့ပြီး ဒီပွဲမှာ ယူနိက်တက်အသင်းရဲ့ ကစားပုံက ဒီတစ်ရာသီလုံး အကောင်းဆုံး ကစားပုံလို့ ပြောလို့ ရခဲ့ကာ ပထမပိုင်းမှာ ဂိုးမရခဲ့ပေမယ့် စပါးအသင်းဘက်ကို အကောင်းဆုံး တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ယူနိက်တက်အနေနဲ့ ပထမပိုင်းတစ်ပိုင်းလုံးနီးပါး ဘောလုံးကိုင်ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ်အထိ ရှိခဲ့ကာ ၅ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ပထမပိုင်းထဲက ရသင့်တဲ့ သွင်းဂိုးတွေကို ရရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ တန်းဟက်ဂ်ရဲ့ pressing game ကစားပုံက တကယ်ကို ကောင်းမွန်ခဲ့ပြီး ဘောလုံးမရှိချိန်မှာ စပါးအသင်းကို ဖိအားပေးမှုတွေကို အကောင်းဆုံးပြုလုပ်နိုင်ခဲ့ကာ စပါးအသင်းအနေနဲ့တော့ အမှားမှား အယွင်းယွင်းဖြစ်ခဲ့ရပြီး အိုးထရက်ဖို့ဒ် မှာ ဒီထက်ပိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ မရှုံးနိမ့်ခဲ့တာ ကံကောင်းတယ်ပြောလို့ ရနေခဲ့တာဖြစ်ပါတယ်။
(၃) မာတီနက်ဇ်ရဲ့ အိတ်ကပ်ထဲရောက်နေတဲ့ ကိန်း
စပါးအသင်းရဲ့ ကောင်တာ တိုက်စစ်ကစားဟန်က အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ဦးတည်ပြီး လာပေမယ့်လည်း ဒီပွဲမှာတော့ အင်္ဂလန်ကစားသမားအနေနဲ့ ယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗာရိန်းနဲ့ မာတီနက်ဇ်တို့ရဲ့ အိတ်ကပ်ထဲရောက်နေခဲ့ပြီး တစ်ပွဲလုံး ၃ ကြိမ်သာ ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ကာ တစ်ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကိန်းရဲ့ အမှားတစ်ခုထဲတော့မဟုတ်ဘဲ စပါးအသင်းအနေနဲ့ တစ်သင်းလုံးဒီပွဲမှာ အခွင့်အရေး ဖန်တီးမှုနည်းပါးခဲ့တာကလည်း ကိန်းအတွက် ကစားရခက်ခဲစေခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိက်တက်နောက်ခံလူ မာတီနက်ဇ်အနေနဲ့တော့ ကိန်းကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး ရှင်းလင်းမှု ၆ကြိမ်၊ဘောလုံးယှဉ်လုမှု ၅ ကြိမ်မှာ ၄ ကြိမ်အထိ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ကာ ဟယ်ရီကိန်းတစ်ယောက် လှုပ်လို့ မရအောင် အိတ်ကပ်ထဲထည့်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
(၄) တဖြည်းဖြည်း တန်းဟက်ဂ် စိတ်ကြိုက်ကစားသမားဖြစ်လာတဲ့ ဒါလော့
ဒီပွဲမတိုင်ခင်က ဒါလော့အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွေ့ဖို့ သတင်းတွေထွက်နေခဲ့ပြီး ဒါလော့အနေနဲ့ နည်းပြ တန်းဟက်ဂ်ရဲ့ လက်အောက်မှာ ဝမ်ဘစ်စကာ ဒဏ်ရာရရှိမှုနဲ့အတူ ညာနောက်ခံလူနေရာကို အမိအရ ရယူနိုင်ခဲ့ကာ စပါးနဲ့ ပွဲမှာတော့ ဒါလော့ရဲ့ အကောင်းဆုံးအရည်အသွေးတွေက ပိုမိုပေါ်လွင်ခဲ့ပြီး စပါးတောင်ပံကစားသမား ပါရီဆစ်ကို အခက်တွေ့အောင်လုပ်ဆောင်နိုင်ခဲ့သလို အသင်းဖော် အန်တိုနီ ကိုလည်း တိုက်စစ်ပိုင်းမှာ အကောင်းဆုံး ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပုံစံအတိုင်းဆိုရင် ဝမ်ဘစ်စကာ ဒဏ်ရာကနေပြန်လည်သက်သာလာတာတောင် ဒါလော့တစ်ယောက် ပုံမှန်နေရာရဖို့ များနေခဲ့ပြီး စိတ်အားထက်သန်တဲ့ ကစားပုံကလည်း ဒါလော့ကို ယူနိက်တက်ပရိသတ်တွေကြိုက်နှစ်သက်စေမယ့် အကြောင်းအရာ တစ်ခုဖြစ်နေခဲ့တာပါ။